ပခုက္ကူရေဘေး အကူအညီ လိုအပ်ဆဲ

ပခုက္ကူမြို့နားက ရေတိုက်စားခံရလို့ လူအသေအပျောက် ဖြစ်ခဲ့တဲ့ ရွှေချောင်းတလျှောက်က ရေဘေးဒုက္ခသည်တွေကို သမ္မတဦးသိန်းစိန်ကိုယ်တိုင် ဒီကနေ့ လာရောက်ကြည့်ရှုပြီး တစ်အိမ်ထောင် ကျပ်ငွေ (၅) သောင်းစီ လှူဒါန်းသွားပေမယ့် ဒုက္ခသည်တွေ နေရေးထိုင်ရေးအတွက် အရေးပေါ် နေစရာ အိမ်တွေနဲ့ ဆေးဝါးတွေ လိုအပ်နေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။

2011.10.25

အစိုးရနဲ့ မန္တလေး အခြေစိုက် ကုမ္ပဏီသုံးခုက နေစရာအိမ်တွေ ဆောက်ပေးမယ်လို့ ကတိပေးကြပေမယ့် ဘယ်တော့ ဆောက်ပေးမလဲဆိုတာ အတိအကျ မသိရသေးကြောင်းနဲ့ အစိုးရက ကြေညာတဲ့ ပခုက္ကူရေဘေး အသေအပျောက်နဲ့ လက်တွေ့ အခြေအနေ ကွာခြားနေကြောင်း မြို့ခံတဦးက RFAကို ပြောပါတယ်။

“အခု ၃၀၀ ကျော်သေသွားပါပြီ၊ ဒါပေမယ့် အစိုးရက ၁၀၀ ကျော်ပဲ ကြေညာထားတယ်။ အကူအညီနဲ့ ပတ်သက်လို့ မနေ့က စိုင်းမောက်ခမ်းလာတယ်။ တစ်အိမ်ထောင် တစ်သိန်းဆီပေးတယ်။ အိမ်အလုံး ၅၀၀ လှူမယ်လို့ ကတိပေးသွားတယ်။ ဦးသိန်းစိန်က တစ်အိမ်ကို ငါးသောင်းပေးတယ်။ မြို့ခံတွေ လှူတာက သိန်း သုံးထောင်ကျော် ရှိတယ်။ မန္တလေးက ကုမ္ပဏီ ၃ ခုက အိမ် ၉၅ လုံးလှူမယ်။ ကုန်သည်ကြီးများအသင်းက ၅၄ လုံးလှူတယ် ပြောတယ်။”

ပခုက္ကူမြို့ ရွှေချောင်းတလျှောက် လူအသေအပျောက် ဖြစ်ရတာဟာ အစိုးရက ကြိုတင် ကြေညာခြင်းမရှိဘဲ ဆည် (၃) ခုကို တပြိုင်နက်ထဲ ဖောက်ချရာက ဖြစ်ရတာလို့ မြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။