မြစ်ခြေမှာ လက်နက်ကြီးကြောင့် လေးဦး ဒဏ်ရာရ
2024.07.23

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အနီးက ချိုင်ရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂၁ ရက်နေ့မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားလေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒဏ်ရာရသူတွေဟာ အသက် ၅၀ ကနေ ၇၀ ကြားရှိကြတဲ့ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားနှစ်ဦးဖြစ်ပြီး ချိုင်ရွာနဲ့ သုံးမိုင်ခန့်ဝေးတဲ့ ရှင်မကန်ရွာကနေ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဘုန်းကြီးကျောင်းထဲ ကျရောက် ပေါက်ကွဲခဲ့တာဗျ။ လေးဦး ဒဏ်ရာရသွားတယ်။ လက်မောင်းရိုးကြေမွသွားတာ တစ်ယောက်ပါတယ်။ အခုတော့ ဆေးခန်းပြနေကြတယ်ဗျ"
စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေရှိတဲ့ ရွာတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက မကြာခဏ ဝင်ရောက်တိုက်ခိုက်နေတာကြောင့် အခုလို ပြန်ပြီး ပစ်ခတ်နေတာလို့ သူက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။
ပခုက္ကူမြို့နယ်ထဲမှာ စစ်ရေးတင်းမာနေပြီး ဇူလိုင်လ ၁၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေရှိတဲ့ အောင်သာရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။