ပခုက္ကူမှာ စစ်ကြောင်းထိုးတာကြောင့် ရွာခုနစ်ရွာက ဒေသခံတွေ ထွက်ပြေးနေရ
2024.12.14

မကွေးတိုင်း ပခုက္ကူမြို့နယ် ရေလာလေးရွာက စခန်းသိမ်းခံရပြီးနောက် ဒီဇင်ဘာလ ၁၁ ရက်နေ့ကတည်းက စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာကြောင့် နီးစပ်ရာကျေးရွာ ခုနစ်ရွာက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ အညာမြေ အရပ်ဘက်လူမှုကူညီရေးအဖွဲ့ တာဝန်ခံက RFA ကိုပြောပါတယ်။
"ပခုက္ကူနယ်ဘက် ရှောင်လာကြတာပါ၊ အခုလ ၁၁ ရက်နေ့ကတည်းက အရေးပေါ်စစ်ဘေးရှောင်လာကြတာပါ အဲ့နေ့က ရေလာလေး ပျူစခန်းကို တော်လှန်ရေး အင်းအားစုတွေက သိမ်းကြတာကြောင့်ပါ၊ စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေတာပေါ့ မြိုင်နယ်က ဘုန်းကြီးကျောင်းတစ်ခုမှာ ယာယီရှောင်နေကြတာပါ လူဦးရေ ခြောက်ရာကျော်၊ ထမင်းဟင်းကိုတော့ အလှူရှင်တွေနဲ့ အဲ့တိုက်နယ်က စစ်ရှောင်ကော်မတီကနေ စီစဉ်ပေးနေတာပါ တစ်နေ့ကို ဆန် ခုနစ်တင်းလောက် ချက်နေရတယ်ဗျ၊"
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့က ရေလာလေးရွာက စစ်ကောင်စီတပ်နဲ့ ပျူစောထီး တပ်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ခုနစ်ဦးကို ဖမ်းဆီးထားခဲ့တာပါ။
ဒီလို့ သိမ်းယူပြီးနောက် စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာကြောင့် ရေလာကြီး၊ ထန်းတပင်၊ ဖောင်ကြောင်း၊ ဖောင်းကွဲ၊ ဝါးကျွန်းတွင်း ဇောင်ဂျမ်းကုန်း၊ အိုရင်းကျေးရွာ ဒေသခံတွေ နီးစပ်တဲ့ရွာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ အဲအထဲက ရေလာကြီးနဲ့ ဝါးကျွန်းတွင်း ရွာတွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးနေပြီး ဘယ်လောက်ပျက်စီးတယ်ဆိုတဲ့ အသေးစိတ်တော့ မသိရသေးဘူးလို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက အိုရင်းကျေးရွာကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ခဲ့သလို အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံပြီး အဲ့အမျိုးသမီးရဲ့ ယောကျ်ားကိုလည်း ဖမ်းဆီးပြီး ညှဉ်းနှိပ်စက်တာတွေ ရှိခဲ့တာကြောင့် ဒေသခံတွေ ကြောက်လန့်ထွက်ပြေးကြတာလို့လည်း ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
မြန်မာနိုင်ငံတစ်ဝန်းမှာ ပေါ်ပေါက်နေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ၊ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ၊ စစ်ဆင်ရေးတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ သုံးသန်းခွဲနီးပါးအထိ စံချိန်တင် များပြားလာနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က နိုဝင်ဘာ ၂၇ ရက်က ထုတ်ပြန်ပါတယ်။