ဖွဲ့စည်းပုံပြင်ဖို့ ပခုက္ကူမှာ တစ်ကိုယ်တော် ဆန္ဒပြ
2014.01.05
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတနဲ့ ဒုတိယသမ္မတအရည်အချင်း သတ်မှတ်ချက်တွေထဲက ပုဒ်မ ၅၉ (ဃ) နဲ့ (စ) ကို ဆန့်ကျင်တဲ့ တစ်ကိုယ်တော်ဆန္ဒပြပွဲတစ်ခု ပခုက္ကူမြို့မှာ မနေ့ကဖြစ်ပေါ်ခဲ့ပါတယ်။
တစ်ကိုယ်တော်ဆန္ဒပြသူဟာ ပခုက္ကူမြို့ အမှတ် ၁၁ ရပ်ကွက်နေ ဦးကျောက်ဆိုသူဖြစ်ပြီး၊ ပခုက္ကူမြို့ လူစည်ကားရာလမ်းမကြီးတွေအနှံ့ လမ်းလျှောက်ဆန္ဒပြခဲ့တယ်လို့ မျက်မြင်တစ်ဦးဖြစ်တဲ့ ကိုသန်းနိုင်က RFA ကို ပြောပါတယ်။
"ဦးကျောက် အမှတ် ၁၁ ရပ်ကွက်ထဲမှာနေတယ်၊ NLD ပါတီဝင်ပါပဲ၊ မနေ့ကသူတို့ NLD ရုံးထဲမှာပဲ လွတ်လပ်ရေးနေ့ အခမ်းအနားလေး တစ်ခုလုပ်တော့ ကျနော်တို့ကိုလည်း သူတို့ကဖိတ်တဲ့အတွက် ကျနော်တို့က အခမ်းအနားကို သွားတက်လိုက်တာ၊ အဲဒီအချိန်မှာပဲ သီတာလမ်းနဲ့ မြို့မလမ်းရဲ့ထောင့်မှာ ဆန္ဒပြနေတယ်ဆိုပြီး ကျနော်တို့ဆီဖုန်းဝင်လာတာနဲ့ ကျနော်နဲ့ ၈ပူးအုပ်စုက အဲဒီကိုသွားလိုက်ရတာပေ့ါ၊ သူကလည်း ခွင့်ပြုချက်ဘာညာ တင်မထားဘူးလို့ ဟိုရောက်တော့ သိလိုက်တဲ့အချိန်ကျတော့ ကျနော်တို့ကတောက်လျှောက် သူ့ဘေးကနေပြီးတော့ ရံပြီးနေလိုက်မိတယ်"
ဦးကျောက်ကို ဆန္ဒပြနေတုန်း ရဲစခန်းရှေ့အရောက်မှာ ရဲတပ်သားတစ်ဦးက စခန်းထဲလိုက်ခဲ့ဖို့ ခေါ်ပေမယ့် လိုက်မသွားပဲသူ့ဆန္ဒအတိုင်း ခရီးဆုံးတဲ့အထိ လျှောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ညအထိတော့ ဦးကျောက်ကို တစုံတရာ အရေးယူမှုမရှိဘူးလို့ဆိုပါတယ်။
ဒီအတောအတွင်းမှာပဲ မနေ့ကလွတ်လပ်ရေးနေ့မှာ မြိတ်မြို့ ၈၈ မျိုးဆက်အဖွဲ့အပါအဝင် တက်ကြွလှုပ်ရှားသူတချို့က ပုဒ်မ ၁၈ ခွင့်ပြုချက်မရှိဘဲ စီတန်းလှည့်မှု၊ ပုဒ်မ ၅၀၅ (ခ) ဆူပူအောင်လှုံဆော်မှု စတဲ့ဥပဒေတွေဖျက်သိမ်းဖို့နဲ့ လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့ခွင့်ရဖို့၊ စည်းရုံးဟောပြောခွင့်ရဖို့တို့အတွက် ပေါ်တော်မူစေတီမှာ ဆန္ဒပြခဲ့ကြပါတယ်။ သူတို့အနေနဲ့ တရားဝင်ဆန္ဒပြခွင့်တင်ခဲ့ပေမယ့် နှစ်ကြိမ်တိုင်တိုင်ပယ်ချခံခဲ့ရပြီးတဲ့နောက် ခွင့်ပြုချက်မလျှောက်တော့ဘဲ ဆန္ဒပြခဲ့တာလို့သိရပါသည်။
မြိတ်မြို့ဆန္ဒပြသူတွေက မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ဖို့နဲ့ ပြည်သူလူထုမလိုလားတဲ့ ဥပဒေတွေ အမြန်ပယ်ဖျက်စေလိုကြောင်း၊ တစ်နိုင်ငံလုံး ဒီမိုကရေစီအမြန်ရစေလိုကြောင်း ဆုတောင်းပြီး၊ ဆီမီးထွန်းတာ၊ ဗူဖောင်းတွေ လွှတ်တင်တာတို့ ပြုလုပ်ခဲ့ကြပါတယ်။