တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမယ့် ရက် ကြေညာမယ်
2014.01.01

ကရင်ပြည်နယ် ဘားအံမြို့မှာ မကြာခင်ပြုလုပ်မယ့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေရဲ့ ဒုတိယ အကြိမ် ညီလာခံအပြီးမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ် ထိုးနိုင်မယ့်ရက်ကို ကြေညာနိုင်လိမ့်မယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှုလုပ်ငန်း ကော်မတီ ဒုဥက္ကဌ ဝန်ကြီးဦးအောင်မင်းက ပြောလိုက်ပါတယ်။
ဇန်နဝါရီလ တစ်ရက်နေ့က ကရင်ပြည်နယ် မြဝတီခရိုင် ရွှေကုက္ကိုမြိုင်ဒေသမှာ ကျင်းပတဲ့ ကရင်နှစ်သစ် ကူးပွဲတော်မှာ သတင်းထောက်တွေရဲ့ အမေးကို ဝန်ကြီးဦးအောင်မင်းက အခုလိုပြန်လည် ဖြေဆိုလိုက်တာပါ။
" ကျွန်တော်တို့ အားလုံး သဘောတူညီချက် ၈၀ ရာခိုင်နှုန်းလောက် ရပြီ ကျန်တဲ့ ၂၀ လောက် ဆက်ဆွေးနွေးမယ်ဆိုတာ ပြောပြီးသားဖြစ်တယ်၊ ဒီမှာကတော့ ဒီပွဲလာတက်တာပေါ့၊ ဒီပွဲလာတက်ရင်းနဲ့မှ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုးတို့နဲ့ ချင်းမိုင်မှာ ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို ပြန်ပြီးတင်ပြတာ၊ တစ်ဖွဲ့ချင်းလည်း လိုက်ပြီးတော့ ပြောဖို့လိုအပ်တယ်၊ အဖွဲ့အားလုံးလည်း ပြောဖို့လိုအပ်တယ်၊ ဒါတွေပြီးလို့ အားလုံး သဘောတူညီချက်ရပြီဆိုရင် ဘားအံမှာ အစည်းအဝေးကြီးတစ်ခုလုပ်ပါမယ်၊ အစည်းအဝေးကြီးမှာ ကျွန်တော်တို့ လက်မှတ်ထိုးတာမပါသေးဘူး၊ ဘယ်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်မှတ်ထိုးမယ်ဆိုတာကို ဘားအံအစည်းအဝေးမှာ ကြေညာပါ့မယ်၊ အဲ့ကြေညာပြီးတဲ့အခါ နောက်တစ်လလောက်မှာ ပြင်ဆင်ပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပါမယ်"
ဘားအံဆွေးနွေးပွဲကို အခု ဇန်နဝါရီလကုန်ပိုင်းလောက် ကျင်းပနိုင်ဖွယ်ရှိတယ်လို့ ပြောဆိုပြီး၊ ဆွေးနွေး ပွဲတွေ စဉ်ဆက်မပြတ်ပြုလုပ်ဖြစ်နေတာဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်နေတယ်ဆိုတဲ့သဘောဖြစ်တယ်လို့လည်း ဝန်ကြီးဦးအောင်မင်းက ပြောပါ တယ်။
" တိုင်းရင်းသားအားလုံးပါတာကို ကျွန်တော်တို့လုပ်နေတာဖြစ်တယ်၊ ဒါကြောင့်မို့ အချိန်နည်းနည်းယူရပါတယ်၊ တိုင်းရင်းသားတွေ များတာနဲ့အမျှ တစ်ဖွဲ့ချင်းတစ်ဖွဲ့ချင်းကို သဘောတူညီမှုရအောင် တော်တော်ကြိုးစားပြီးတော့ လုပ်ရပါတယ်၊ ဒါကြောင့်မို့ အချိန်နည်းနည်းယူရပါမယ် လုပ်ငန်းတွေက သွားနေပါတယ်၊ အောင်မြင်တဲ့ Process တွေဖြစ်ပါတယ်၊ မအောင်မြင်ရင်တော့ ရပ်သွားမှာပေါ့ဗျာ။ မရပ်ပဲနဲ့ ဆက်သွားနေတာဖြစ်ပါတယ်၊ အခု ဘားအံအစည်းအဝေးကို ဇန်နဝါရီလ လကုန်လောက်ဖြစ်မယ်လို့ မှန်းပါတယ်။"
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာ ချုပ်ဆို နိုင်လိမ့်မယ်လို့ အစိုးရက ကုလသမဂ္ဂ အထွေထွေညီလာခံ အပါအဝင် ပြည်တွင်း ပြည်ပမှာ အစောပိုင်း က ပြောဆိုခဲ့ပေမယ့် မဖြစ်မြောက်နိုင်သေးပဲ ကျန့်ကြာနေတာ ဖြစ်ပါတယ်။
အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် စာချုပ်ချုပ်ပြီး လက်မှတ်မထိုးခင်မှာ နိုင်ငံရေးအရ အနှစ်သာရရှိတဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်လိုတယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီက ပြောဆိုထားပါတယ်။