အွန်လိုင်းငွေလိမ်ဂိုဏ်း သံသယရှိသူ ၁၀၈ ဦး MNDAA က တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်း

RFA Burmese
2024.02.29
အွန်လိုင်းငွေလိမ်ဂိုဏ်း သံသယရှိသူ ၁၀၈ ဦး MNDAA က တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်း ဖမ်းဆီးရမိသည့် အွန်လိုင်းငွေလိမ် ဂိုဏ်းသံသယရှိသူများကို MNDAA က တရုတ်အာဏာပိုင်များထံ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့က လွှဲပြောင်းပေးနေစဥ်။
The KoKang

ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ်အတွင်း ဖမ်းဆီးရမိတဲ့ အွန်လိုင်း ငွေလိမ်လုပ်ငန်းနဲ့ဆက်စပ်တယ်လို့ သံသယရှိသူ တရုတ်နိုင်ငံသား ၁၀၈ ဦးကို တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ထံကို လွှဲပြောင်းပေးခဲ့တယ်လို့ MNDAA သတင်းမီဒီယာက ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ဖော်ပြပါတယ်။

အခုလ ၂ ရက်နေ့ကစပြီး ဒေသအတွင်း မူးယစ်ဆေးဝါးပပျောက်ရေး၊ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ လက်နက်မှောင်ခိုတိုက်ဖျက်ရေးနဲ့ပတ်သက်တဲ့ စစ်ဆင်ရေးကာလအတွင်း အခုလိုဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ MNDAA ကဆိုပါတယ်။

သူတို့နဲ့အတူ အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက် အသုံးပြုတဲ့ကွန်ပျူတာအလုံး တစ်ရာကျော်၊ မိုဘိုင်းလ်ဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိတယ်လို့ MNDAA သတင်းမီဒီယာက ဖော်ပြပါတယ်။

ဖမ်းဆီးရမိတဲ့သူတွေကို မြန်မာ-တရုတ်နယ်စပ် ရန်လုံကျိုင်းဂိတ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချန်းမြို့ အာဏာပိုင်တွေထံကို အခုလ ၂၇ ရက်နေ့မှာပဲ အပ်နှံခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် မူယစ်ဆေးဝါးချက်လုပ်တဲ့စက်နဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ပြီး အားလုံးကို တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့တယ်လို့ MNDAA သတင်းမီဒီယာက ဖော်ပြပါတယ်။

အခုလ ၂၆ ရက်နေ့ကလည်း လောက်ကိုင်မြို့အတွင်း ထပ်မံစစ်ဆေးချိန်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ဆက်စပ်တဲ့ တရုတ်နိုင်ငံသား အယောက် သုံးဆယ်နဲ့ မြန်မာနိုင်ငံသား ၁၄ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းမိတဲ့တရုတ်နိုင်ငံသားတွေအပါအဝင် အားလုံးကို MNDAA မှုခင်းတပ်ဖွဲ့ကိုအပ်နှံခဲ့ပြီး စစ်ဆေးမှုတွေလုပ်နေတယ်လို့ MNDAA သတင်းမီဒီယာက ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း လောက်ကိုင်မြို့ တုံချိန်နဲ့ စွမ်ဟော့ချိန်ရပ်ကွက်မှာ နိုင်ငံခြားသား ၃၆ ဦး ဖမ်းဆီးရမိခဲ့ပြီး အဲဒီအထဲက တရုတ်နိုင်ငံသား ၂၃ ဦးကို အခုလ ၅ ရက်နေ့မှာ မြန်မာ-တရုတ်နယ်စပ်မျဉ်း BP-125 ကနေ တရုတ်နိုင်ငံ တာဝန်ရှိသူတွေထံကို MNDAA တပ်ဖွဲ့က ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးအပြီး ကိုးကန့်ဒေသ လောက်ကိုင်နဲ့ ချင်းရွှေဟော်မြို့တွေကို MNDAA က သိမ်းပိုက်ထားတာပါ။

လက်ရှိမှာ ဒေသခံတွေကိုစိစစ်လက်ခံနေသလို မြို့တွင်းက နေရာအားလုံကို MNDAA တပ်ဖွဲ့ဝင်တွေက လိုက်လံစိစစ်နေတုန်းပဲလို့ လောက်ကိုင်မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ နယ်စပ်ဒေသတွေကနေ တရားမဝင်လာရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသားအများစုအပါအဝင် နိုင်ငံခြားသား ငါးသောင်းကျော် (၅၀,၆၉၁ ဦး) ကို သက်ဆိုင်ရာနိုင်ငံတွေထံ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ဖေဖော်ဝါရီလ ၉ ရက်နေ့ထုတ် စစ်ကောင်စီသတင်းစာတွေကနေ ကြေညာထားပါတယ်။

ပြန်လည်လွှဲပြောင်းတဲ့အထဲမှာ တရုတ်နိုင်ငံသား ၄၈,၈၀၃ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၀၇၁ ဦး၊ ထိုင်းနိုင်ငံသား ၅၃၇ ဦး၊ မလေးရှားနိုင်ငံသား ၁၃၃ ဦး၊ ကိုရီးယားနိုင်ငံသား နှစ်ဆယ်ဦးနဲ့ လာအိုနိုင်ငံသား ၁၈ ဦးပါဝင်တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။