အွန်လိုင်းငွေလိမ်သူ သုံးသောင်းကျော် မြန်မာထံကနေ လက်ခံရရှိကြောင်း တရုတ်ထုတ်ပြန်
2023.11.21

မြန်မာနိုင်ငံ မြောက်ပိုင်းကနေ အွန်လိုင်း ငွေလိမ်လုပ်ငန်းနဲ့ ဆက်နွယ်တယ်လို့ သံသယရှိသူ ၃၁,၀၀၀ ကို လွှဲပြောင်းလက်ခံရရှိခဲ့တယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၁ ရက်ဒီနေ့မှာ သတင်း ထုတ်ပြန်ပါတယ်။
လက်ခံရရှိသူတွေထဲမှာ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေအတွက် ဘဏ္ဍာရေးနဲ့ နောက်ကွယ်ကနေ ကြိုးကိုင်သူ ၆၃ ဦးနဲ့ တရာခံပြေး ၁၅၃၁ ဦး ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကိုးကန့်ဒေသရဲ့ အွန်လိုင်း ငွေလိမ်လုပ်ငန်း ခေါင်းဆောင်တွေဖြစ်တဲ့ မင်မိသားစုဝင်တွေကိုလည်း ဖမ်းဆီးနိုင်ခဲ့ပြီး အဲဒီထဲက အဓိကခေါင်းဆောင် မင်ရှောက်ချန်းဟာ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်လို့ တရုတ်ဘက်က ဆိုပါတယ်။
နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ကနေ အွန်လိုင်း ငွေလိမ်လုပ်ငန်း သံသယရှိသူ ၅၇၁ ဦးကို လွှဲပြောင်း လက်ခံခဲ့တယ်လို့ တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံအနေနဲ့ အွန်လိုင်း ငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်မှုတွေကို ပိုမို အရေးယူ ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။
မြန်မာနယ်စပ်က အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ တရုတ်ဘက်ကနေ စစ်ကောင်စီကို ဖိအားပေးနေသလို တရုတ်နဲ့နီးစပ်တဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့ကလည်း စစ်ဆင်ရေး ၁၀၂၇ အတွင်းမှာ အွန်လိုင်း ငွေလိမ် လုပ်ငန်းတွေ တိုက်ဖျက်ရေးဆိုပြီး ထည့်သွင်းထားပါတယ်။
သူတို့အနေနဲ့ ကျားဖျန့်လို့ခေါ်တဲ့ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေကို အမြစ်ပြတ် တိုက်ဖျက်မယ်လို့ ကိုးကန့်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ လီကျားဝမ်က RFA ကိုပြောထားပါတယ်။
နိုဝင်ဘာ ၁၈ ရက်ကတည်း မုံးကိုးဒေသအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ဆက်စပ်တဲ့ တရုတ်နိုင်ငံသား ငါးဦးကို ကိုးကန့်တပ်ဖွဲ့က တရုတ်နိုင်ငံထံ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီဘက်ကလည်း ကိုးကန့်ဒေသအတွင်းက အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေကို တရုတ်နိုင်ငံနဲ့ ပူးပေါင်း နှိမ်နှင်းမယ်လို့ နိုဝင်လာလ ၈ ရက်နေ့ ကာလုံ အစည်းအဝေးမှာ ထုတ်ဖော် ပြောဆိုထားပါတယ်။
ချင်းရွှေဟော်နဲ့ လောက်ကိုင်က ဟိုတယ်တွေ ဝင်ရောက်ဖမ်းဆီးရာမှာ တရုတ်နိုင်ငံသား ၇၃၉၅ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၈၉ ဦး၊ ထိုင်းနိုင်ငံသား ၁၆၂ ဦး၊ မလေးရှား နိုင်ငံသား ၃၂ ဦးနဲ့ လာအိုနိုင်ငံသား နှစ်ဦး စုစုပေါင်း ၇၇၈၀ ဦး ဖမ်းဆီးရမိခဲ့ပြီး အဲဒီအထဲက တရုတ်နိုင်ငံသား ၆၈၉၂ ဦးကို တရုတ်နိုင်ငံဘက် ပြန်လည် လွှဲပြောင်းပေးခဲ့သလို ကျန်တဲ့သူတွေကိုလည်း သက်ဆိုင်ရာ နိုင်ငံတွေထံ ပြန်လည် လွှဲပြောင်းပေးမယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
စစ်ကောင်စီရဲ့ အဲဒီ ကာလုံ အစည်းအဝေးအပြီးမှာ ကိုကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးမြင့်ဆွေကို ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံက အလိုရှိနေတဲ့ ကိုးကန့် လွှတ်တော်အမတ်ဟောင်း ဦးမင်ရှောက်ချန်း အပါအဝင် မိသားစုဝင် လေးဦးကိုပါ ဖမ်းဝရမ်းထုတ် ဖမ်းဆီးခဲ့ပြီး မိသားစုဝင်သုံးဦးကို တရုတ်နိုင်ငံဘက် လွှဲပြောင်းပေးခဲ့ပါတယ်။