မိုးဗြဲမြို့မှာ လက်နက်ကြီးကြောင့် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တွေ ယာယီနေထိုင်တဲ့ ဘုန်းကြီးကျောင်းတွေ ဇူလိုင်လ ၂၅ ရက်မနေ့က လက်နက်ကြီးထိမှန်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲ ကယ်ဆယ်ရေးအဖွဲ့ (Mobye Rescue Team) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မနေ့ နေ့လယ်ပိုင်းက လူဦးရေ တစ်ရာကျော်လောက် ခိုလှုံနေတဲ့ မိုးဗြဲမြို့ စက်တော်ရာ ဘုန်းကြီးကျောင်းအနီး စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၇၀ အရွယ် အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ပြီး စည်ကာ ရပ်ကွက် စည်းလုံးညီညာဘေးမဲ့ကျောင်းက အမျိုးသားနှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ Mobye Rescue Team တာဝန်ရှိသူက ဆိုပါတယ်။
သေဆုံးဒဏ်ရာရသွားသူတွေရဲ့ အချက်အလက်ကိုတော့ မိသားစုလုံခြုံရေးအရ ထုတ်ဖော် ပြောလို့ မရဘူးလို့လည်း ဆိုပါတယ်။
မနေ့က တစ်နာရီလောက် စစ်ကောင်စီတပ်သား အင်အား ၃၀၀ လောက်နဲ့ မိုးဗြဲမြို့ထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် မြို့ပေါ်ရပ်ကွက်မှာနေထိုင်သူ ထောင်နဲ့ချီပြီး နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေဆီ ယာယီ ထွက်ပြေး ခိုလှုံခဲ့ကြရတယ်လို့ ပြောပါတယ်။
ညနေငါးနာရီလောက်မှာတော့ အဲဒီစစ်ကြောင်းကို မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BO-1၊ BO-2) နဲ့ လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (URF) တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ကာကွယ်ရေးတပ်ဘက်က တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က မနေ့မှာပဲ သတင်း ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအချို့ ထိခိုက်သေဆုံးခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးသလို တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် ညနေပိုင်းအထိ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
ဇူလိုင်လ ၂၆ ရက် ဒီနေ့မှာတော့ တိုက်ပွဲငြိမ်သက်နေတာကြောင့် မိုးဗြဲရထားလမ်းအနီး ရပ်ကွက်မှာ နေထိုင်သူတွေကလွဲပြီး ကျန်တဲ့ဒေသခံတွေကတော့ နေအိမ်ပြန်ဖို့ အခြေအနေ စောင့်ကြည့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ကလည်း မိုးဗြဲမြို့အတွင်း စစ်ကြောင်းထိုးလာတဲ့တပ်နဲ့ နှစ်ရက် တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရခဲ့သလို နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။