တိုက်ပွဲတွေကြောင့် မိုးဗြဲမြို့တွင်းသွားလာခွင့် ငါးရက်ပိတ်ကြောင်း KNDF ကြေညာ
2025.02.21

တိုက်ပွဲတွေပြင်းထန်နေတဲ့ ကယားပြည်နယ် (ကရင်နီ) မိုးဗြဲမြို့တွင်းမှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ငါးရက်သွားလာခွင့်ပိတ်သွားမယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီက လက်နက်ကြီးနဲ့ ဒရုန်းတွေ နေစဉ့်ပစ်ခတ်နေတာကြောင့် ယာယီပိတ်တာလို့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲ့ ပြောခွင့်ရသူ တာအယ်စိုးက ပြောပါတယ်။
"မိုးဗြဲမှာက နေ့တိုင်းထိတွေ့တိုက်ပွဲတွေဖြစ်နေတယ်၊ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်လေ့ရှိတယ်၊ ထိတွေ့တိုက်ပွဲတွေကလည်း နေ့တိုင်းဖြစ်နေတယ် အဲဒါကြောင့်မလို့ မြို့ထဲဖြတ်သန်းသွားလာတာကိုတော့ ခေတ္တလုံခြုံရေးအရ ပိတ်ထားတဲ့ပုံစံဖြစ်ပါတယ်"
အခုနှစ်စကစပြီး စစ်ကောင်စီဟာ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဘက်ကလည်း ခုခံတိုက်ခိုက်နေတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် အရပ်သားတွေလုံခြုံရေးအတွက် မြို့ထဲသွားလာခွင့်ကို ယာယီပိတ်မှာဖြစ်ပြီး အရေးပေါ်ကိစ္စတွေရှိလာရင် သက်ဆိုင်ရာတပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။
စစ်ကောင်စီဟာ လွိုင်ကော်၊ ဒီးမော့ဆို စတဲ့ နေရာတွေကို စစ်ကြောင်းထိုးနိုင်အောင် စစ်ရေးအရ အရေးပါတဲ့ မိုးဗြဲမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေတာလို့ တာအယ်စိုးက ပြောပါတယ်။
မိုးဗြဲမြို့က တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနစ် နိုဝင်ဘာမှာ စတင်ခဲ့တဲ့ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးအတွင်း မိုးဗြဲမြို့ကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။ အဲဒီကာလက ထွက်ပြေးနေရတဲ့ ဒေသခံတွေဟာ မိုးဗြဲမြို့မှာ ပြန်လည်နေထိုင်နေကြပြီဖြစ်ပေမဲ့ အခုတစ်ကြိမ် တိုက်ပွဲတွေ ပြန်ပြင်းထန်လာတာကြောင့် ဘေးလွတ်ရာတွေကို ထပ်ပြီးထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို လေယာဥ်၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်အလုံးရေ သုံးဆယ်နီးပါးနဲ့ ဘာသာရေးအဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ KNDF က ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။