စစ်ရေးတင်းမာမှုကြောင့် လွိုင်ကော်-ဆီဆိုင်လမ်း အသုံးပြုမှု KNDF ပိတ်ပင်

RFA Burmese
2025.03.21
စစ်ရေးတင်းမာမှုကြောင့် လွိုင်ကော်-ဆီဆိုင်လမ်း အသုံးပြုမှု KNDF ပိတ်ပင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဥ်။
Facebook/ KNDF - Karenni Nationalities Defence Force

ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်-ဆီဆိုင်လမ်းတစ်လျှောက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး တိုက်ပွဲဖြစ်လာနိုင်တာကြောင့် အဲဒီလမ်းကို မတ် ၂၀ ရက်နေ့စပြီး သွားလာမှု ယာယီ ပိတ်လိုက်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗျူဟာ အမှတ် (၂) က ထုတ်ပြန်ပါတယ်။

လွိုင်ကော်-ဆီဆိုင်လမ်းမတစ်လျှောက် ယာဥ်ကြီး၊ ယာဥ်ငယ်တွေနဲ့ ခရီးသွားတာတွေ ယာယီရပ်ဆိုင်းဖို့၊ နယ်မြေလုံခြုံရေးအခြေအနေအရ လိုက်နာပေးကြဖို့နဲ့ ပြန်လည် သွားလာနိုင်တဲ့ရက်ကိုလည်း အသိပေးမယ်လို့ ဆိုပါတယ်။

အမည်မဖော်လိုတဲ့ လွိုင်ကော်မြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တစ်ဦးက နှစ်ဖက် စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ RFA ကို ပြောပါတယ်။

“နှစ်ဖက် စစ်ဆိုင်ထားတဲ့ပုံစံပေါ့။ စစ်ကောင်စီဘက်ကလည်း စစ်ကြောင်း ထိုးလာတယ်။ ဒီဘက် ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း စစ်ကြောင်း ပြင်ထားတယ်။ တိုက်ပွဲကတော့ ဖြစ်လာနိုင်တယ်”

လွိုင်ကော်-ဆီဆိုင်လမ်းမက ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ကို အဓိက ဆက်သွယ်ပေးထားတဲ့လမ်း ဖြစ်တာကြောင့် ကုန်သွယ်ရေးအရ အရေးပါပြီး လမ်းပိတ်ထားတာ ရက်ကြာလာရင်တော့ ကုန်ဈေးနှုန်းတွေ မြင့်တက်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ စစ်ကောင်စီ ပြည်နယ်လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

မတ် ပထမအပတ်ကတည်းက ကယား (ကရင်နီ) ပြည်နယ်မှာ စစ်ရေးတင်းမာနေပြီး ရှမ်း-ကယားအစပ် ရှမ်းပြည်နယ် မိုးဗြဲမြို့မှာလည်း စစ်ကောင်စီတပ်နဲ့ ကရင်နီ ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပါတယ်။

ကယား (ကရင်နီ) ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဖေဖော်ဝါရီ တိုက်ပွဲတွေအတွင်း အရပ်သား ငါးဦး သေဆုံးပြီး ဆေးခန်း၊ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အအုံတွေ အပါအဝင် နေအိမ်ခြောက်ဆယ်ခန့် ပျက်စီးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က မတ် ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။