မိုးဗြဲမှာ တိုက်ပွဲ ဆက်ပြင်းထန်နေ
2025.01.20

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ ဇန်နဝါရီလ ၁၉ ရက်နေ့ကတည်းက စစ်ကောင်စီတပ်နဲ့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား လေးရာဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဟာ ဖယ်ခုံမြို့ကနေ မိုးဗြဲမြို့ကို စစ်ကြောင်းထိုး ဝင်ရောက်ဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲပြင်းထန်နေတာလို့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲ့ ပြောခွင့်ရသူ တာအယ်စိုးက ပြောပါတယ်။
“မနေ့က တိုက်ပွဲတွေ ပြင်းထန်ခဲ့တာတွေ ရှိခဲ့တယ်ပေါ့နော်။ စစ်ကောင်စီက မိုးဗြဲတစ်ခုလုံးကို ပြန်ထိန်းချုပ်ချင်တဲ့အတွက် စစ်ကြောင်းတွေ ထိုးနေတယ်”
မိုးဗြဲမြို့မှာ ပြန်လည်နေထိုင်နေကြတဲ့ အရပ်သားတွေလည်း တိုက်ပွဲကြောင့် လက်နက်ကြီးနဲ့ လေကြောင်းရန် ကင်းလွတ်တဲ့နေရာတွေကို ထပ်မံထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနစ် နိုဝင်ဘာမှာ စတင်ခဲ့တဲ့ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးအတွင်း မိုးဗြဲမြို့ကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်က ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက လက်လွှတ်ခဲ့ရတဲ့ ဒေသတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ၂၀၂၄ နှစ် နှစ်ကုန်ပိုင်းကတည်းက ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကြောင်းတွေ ပြန်ထိုးနေတာကြောင့် တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။