ရေးမြို့ဆန္ဒပြပွဲမှာ ဖမ်းဆီးခံရသူတစ်ဦး အကျဉ်းထောင်တွင်း သေဆုံး

2021.08.05
ရေးမြို့ဆန္ဒပြပွဲမှာ ဖမ်းဆီးခံရသူတစ်ဦး အကျဉ်းထောင်တွင်း သေဆုံး မတ်လ ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ မွန်ပြည်နယ်၊ ရေးမြို့က ကိုပြေသိန်း ကို တွေ့ရစဉ်
Photo: Citizen Journalist

မတ်လဆန္ဒပြပွဲအတွင်း မွန်ပြည်နယ်၊ ရေးမြို့ကနေ အဖမ်းခံထားရတဲ့ ကိုပြေသိန်း ဟာ ဩဂုတ်လ ၄ ရက် မနေ့က အကျဉ်းထောင်ထဲမှာ သေဆုံးသွားတယ်လို့ သူ့ရဲ့မိသားစုဝင်တစ်ယောက်က RFA ကို ပြောပါတယ်။

သေဆုံးသူ ကိုပြေသိန်း (အသက် ၂၉) ဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နဲ့ ကျိုက်မရော အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရပြီး ဩဂုတ်လ ၄ ရက် ညနေပိုင်းမှာ ဆီးချိုရောဂါနဲ့ သေဆုံးတယ်ဆိုပြီး စစ်ကောင်စီဘက်က အကြောင်းကြားလာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ယောက်က RFA ကို ပြောပါတယ်။

"ဒီနေ့ ကျွန်တော်ကြည့်လိုက်တာ သွားတွေလည်း စောင်း၊ မျက်လုံးတွေလည်း အပြင်ထွက်ချင်နေတယ်။ ခန္ဓာကိုယ် အောက်ပိုင်းတွေလည်း ကြည့်ခွင့်မရှိဘူးဗျာ။ လူတစ်ယောက်ကို အဲဒီလို လုပ်ချင်တိုင်းလုပ်တာ။ သူက ကျန်းမာရေးကောင်းတာ မဟုတ်ဘူးဗျ"

ကိုပြေသိန်း ရဲ့ ရုပ်အလောင်းကို ဒီနေ့ ဩဂုတ်လ ၅ ရက် နေ့လည်ပိုင်းမှာ မိသားစုကို သင်္ဂြိုဟ်ခွင့်ပေးခဲ့ပေမယ့် မျက်နှာကလွဲလို့ ကြည့်ရှုခွင့် မပေးခဲ့ဘူးလို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အကြောင်းကြားလာသလိုမျိုး ကိုပြေသိန်း မှာ ဆီးချိုရောဂါအခံလည်း မရှိဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

မတ်လ ၂၂ ရက်နေ့ ရေးမြို့ဆန္ဒပြပွဲမှာ ကိုပြေသိန်း နဲ့အတူ လူငယ် ၁၇ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီ ၁၇ ယောက်ကို စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုထားပြိး သူတို့အထဲက အသက် မပြည့်သေးတဲ့ လူငယ်တစ်ယောက်ကိုတော့ လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်းကို ပို့ထားပါတယ်။

RFA က သီးခြားပြုစုထားတဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ သေဆုံးခဲ့သူ အရေအတွက်ဟာ ဩဂုတ်လ ၅ ရက်နေ့အထိ ၃၆ ယောက် ရှိနေပါပြီ။ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် သေဆုံးသူ စုစုပေါင်း ၉၀၀ ကျော်နဲ့ အဖမ်းခံရသူ ငါးထောင်ကျော်ရှိနေဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။