အိုးဘိုထောင်က အကျဉ်းသား တစ်ရာနီးပါး ထောင်ပြောင်းရွှေ့ခံရ

RFA Burmese
2024.06.15
အိုးဘိုထောင်က အကျဉ်းသား တစ်ရာနီးပါး ထောင်ပြောင်းရွှေ့ခံရ မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်ကို ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။
RFA

မန္တလေးမြို့ အိုးဘိုထောင်က အကျဉ်းသားတစ်ရာဝန်းကျင်ကို ဇွန်လ ၁၅ ရက်နေ့မနက်ပိုင်းက မကွေးထောင်နဲ့ သာယာဝတီထောင်တွေကို ပြောင်းရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားကွန်ရက် (PPNM) က ဇွန်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အိုးဘိုထောင်ကနေ ပြောင်းသွားတဲ့ အရေအတွက် အတိအကျကို စုံစမ်းနေဆဲပဲလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က ပြောပါတယ်။

"အိုးဘိုထောင်ကိစ္စက လူဦးရေအသေးစိတ်မသိရသေးဘူး၊ ပြောင်းသွားတာက မနက်စောတစ်နာရီပေါ့နော် စခေါ်ထုတ်သွားတယ်လို့ သိရတယ်၊ မကွေးကိုပြောင်းတယ်လို့ သိထားတယ်၊ တချို့တစ်ဝက်ကို သာယာဝတီပြောင်းမယ်လို့ ကြားရတယ်ဗျ၊ သာယာဝတီပြောင်းမဲ့ကိစ္စတော့ ကျွန်တော်တို့ အတည်မပြုနိုင်သေးဘူး၊ လူဦးရေ ကျွန်တော်စရတဲ့ အချက်အလက်အရတော့ ပထမ ၇၀ လို့စရတယ်၊ ခုတော့ တစ်ရာဝန်းကျင်လောက်လို့တော့ ကြားထားတယ်၊ လူဦးရေအတိအကျပြောဖို့တော့ ခက်နေတယ်"

အိုးဘိုထောင် အကျဉ်းဆောင်တွေမှာ ပုံမှန်ထားရမဲ့ လူဦးရေထက် နှစ်ဆနီးပါး စုပြုံထားတဲ့အပြင် ထောင်ဝတ်စုံ လုံလုံလောက်လောက် မပေးတာကြောင့် အရေပြားရောဂါတွေ ဖြစ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဇွန်လ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်ကြောင့် အကျဉ်းထောင်မှာ လူများလို့ ပြောင်းရွှေ့တယ်လို့ ပြောဆိုသံတွေ ကြားရသလို ထောင်ပြောင်းတဲ့အထဲမှာ ထောင်အာဏာပိုင်တွေကို ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူတွေကိုပါ ပြောင်းလိုက်တယ်လို့ သတင်းရကြောင်းလည်း ကိုသိုက်ထွန်းဦးက RFA ကိုပြောပါတယ်။ ထောင်ပြောင်းရွှေ့တဲ့အကြောင်းရင်း အတိအကျကိုတော့ မသိရသေးပါဘူး။

ဇွန်လ ၁၅ ရက်နေ့မှာပဲ မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား ၁၆၀ ခန့်ကိုလည်း အခြားထောင်တွေဆီ ပြောင်းရွှေ့လိုက်တယ်လို့ PPNM က ထုတ်ပြန်ခဲ့ပါတယ်။

စုံစမ်းထားတဲ့ အချက်အလက်တွေအရ နိုင်ငံရေးအကျဉ်းသူ အယောက် ခြောက်ဆယ်နဲ့ နိုင်ငံရေးအကျဉ်းသား တစ်ရာခန့်ကို နာမည်စာရင်းနဲ့ ခေါ်ယူပြောင်းရွှေ့ခဲ့တာလို့ ဆိုပါတယ်။

ပြောင်းရွှေ့ခံရတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေကို နှစ်ယောက်တစ်တွဲ ခြေကျင်းခတ်ပြီး ဒိုက်ဦးနဲ့ သာယာဝတီ အကျဉ်းထောင်တွေဆီ ပြောင်းရွှေ့လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြောင်းရွှေ့ခံရသူတွေထဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနုနုအောင်နဲ့ မခက်ခက်လွင်တို့ ပါဝင်တယ်လို့ မနီလာသိန်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ ထောင်ပြောင်းရွှေ့မှုကို မွန်ပြည်နယ် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မျိုးအောင်က ဦးဆောင်ခဲ့တာလို့ ဆိုပါတယ်။

ဇွန်လ ၁၅ ရက်နေ့က ထောင်ပြောင်းရွှေ့မှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ အကျဥ်းဦးစီးဌာနပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၁၄ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ ဆက်စပ်ပြီး လူပေါင်းနှစ်သောင်းကျော် (၂၀,၅၉၇ ဦး) ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အဲဒီအထဲက လူ ကိုးထောင်ကျော် (၉,၂၀၂ ဦး) ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။