အိုးဘိုထောင်က နိုင်ငံရေးကျဉ်းသားတစ်ဦး ရိုက်နှက်ခံရတာကြောင့် သေဆုံး
2024.06.25
မန္တလေးမြို့ အိုးဘိုထောင်က အသက် ၂၇ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင် (ခေါ်) ထက်ထက်ဟာ ထောင်အာဏာပိုင်တွေရဲ့ အကြောင်းမဲ့ ရိုက်နှက်တာကြောင့် ဇွန်လ ၂၁ ရက်နေ့က သေဆုံးခဲ့တယ်လို့ သူနဲ့နီးစပ်သူတွေက RFA ကို ပြောပါတယ်။
သူကို ထောင်အာဏာပိုင်တွေက အကြောင်းမဲ့ရိုက်နှက်တာကြောင့် သေဆုံးခဲ့တာလို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်က RFA ကို ပြောပါတယ်။
"၂၁ ရက်နေ့က အဆောင် ၃ အခန်း ၁ မှာ ထောင် ၁၇ နှစ်ကျနေတဲ့ ထက်ရန်နိုင် (ခေါ်) ထက်ထက်ပေါ့နော်၊ စစ်ကောင်စီလက်ကိုင်ဒုတ် ထောင်ဝန်ထမ်းတွေက သူကို အကြောင်းမဲ့ ခေါ်ထုတ်ပြီးတော့ ဝိုင်းရိုက်တယ်ပေါ့၊ ထောင်ဝန်ထမ်းတွေက ဝိုင်းရိုက်တဲ့အတွက် ကျဆုံးသွားတယ်"
ထောင်အာဏာပိုင်တွေက နှလုံးဖောက်ပြီး သေဆုံးကြောင်း ပြောဆိုကာ မိသားစုကို ဇွန်လ ၂၂ ရက်နေ့က အလောင်းပြန်ပေးခဲ့ပြီး အလောင်းမှာ အညိုအမဲတွေ စွဲနေတယ်လို့လည်း မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကိုင်းမြို့ ဇာတိဖြစ်တဲ့သူကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၅၁ နဲ့ ထောင်ဆယ်နှစ်နဲ့ ပုဒ်မ ၅၂ နဲ့ ထောင်ဒဏ် ၇ နှစ် စုစုပေါင်း ၁၇ နှစ် ချမှတ်ခံထားရတယ်လို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
၂၀၂၄ ခုနှစ် ပထမလေးလအတွင်း အကျဉ်းထောင်တွေ၊ အချုပ်စခန်းနဲ့ ထောင်ပြင်ပတွေမှာ သတ်ဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ရှစ်ဦးအထိရှိလာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ထောင်တွင်းမှာ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၄ ဦးရှိပြီး အဲဒီထဲမှာ ထောင်တွင်း သတ်ဖြတ်ခံခဲ့ရတဲ့သူ ၁၈ ဦးနဲ့ ဆေးကုခွင့်ကောင်းကောင်းမရလို့ သေဆုံးခဲ့ရတဲ့သူ ၁၆ ဦးရှိခဲ့တယ်လို့ PPNM က ဖော်ပြပါတယ်။