ဝန်ကြီးချုပ်ဟောင်း ဦးညီပု ရှေ့နေနဲ့ တွေ့ခွင့်မရသေး

ဖမ်းဆီးတရားစွဲခံထားရတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုဟာ အခုအချိန်ထိ သူ့ရဲ့ရှေ့နေနဲ့ လွတ်လွတ်လပ်လပ် တွေ့ဆုံဆွေးနွေးခွင့် မရသေးဘူးလို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးငြိမ်းချမ်းက ဒီနေ့ ပြောပါတယ်။
စစ်တွေမြို့နယ်တရားရုံးမှာ ဒီနေ့ နေ့လယ်က ဦးညီပုကို ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ရုံးထုတ်ခဲ့ပြီး ဒုတိယမြောက် တရားလိုပြသက်သေကို တရားရုံးကနေ စစ်ဆေးလို့အပြီးမှာ သတင်းထောက်တွေကို ပြောဆိုသွားတာပါ။
အခုလို သူ့ရဲ့ရှေ့နေနဲ့ အမှုကိစ္စနဲ့ ပတ်သက်လို့ လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးခွင့်မရတဲ့အတွက် ဦးညီပု အတွက် အများကြီးနစ်နာတယ်လို့လည်း သူက ဆိုပါတယ်။
ဦးညီပုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညက တပ်မတော်သားတွေနဲ့ ရဲတွေက လာရောက်ဖမ်းဆီး သွားတာပါ။
အဲဒီနောက် စစ်တွေမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက တရားလိုပြုလုပ်ပြီး နိုင်ငံတော်အကြည်ညို ပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ) နဲ့ အမှုဖွင့်ခံလိုက်ရတာဖြစ်ပါတယ်။ အဲဒီအမှုမှာ တရားလိုအပါအဝင် တရားလိုပြသက်သေ ငါးဦးပါဝင်ပြီး နှစ်ဦးကို စစ်ဆေးပြီးသွားပြီဖြစ်ပါတယ်။
အခုလက်ရှိ ဦးညီပုကို စစ်တွေမြို့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ)မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ဦးညီပု တရားစွဲခံထားရတဲ့ နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ) ဟာ ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေပုဒ်မဖြစ်ပါတယ်။