ဖြူးမြို့ ညောင်ပင်သာရဲစခန်းကို ကာကွယ်ရေးအဖွဲ့တွေ သိမ်းပိုက်၊ ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ

RFA Burmese
2023.12.13
ဖြူးမြို့ ညောင်ပင်သာရဲစခန်းကို ကာကွယ်ရေးအဖွဲ့တွေ သိမ်းပိုက်၊ ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို တွေ့ရစဉ်။
PVTV

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ ဗမာ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (BPLA) တို့ ဒီဇင်ဘာ ၁၃ ရက် မနက် ခြောက်နာရီကျော်မှာ တိုက်ခိုက် သိမ်းပိုက်လိုက်တယ်လို့ အဲဒီအဖွဲ့တွေက ပြောပါတယ်။

တိုက်ပွဲကြောင့် ညောင်ပင်သာရွာအပါအဝင် ရွာလေးရွာက ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ သေနတ် (၁၃) လက်၊ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းနိုင်ခဲ့ပြီး ရဲဆယ်ဦးထက်မနည်းရဲ့ ရုပ်အလောင်းတွေကိုပါ ရရှိခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။

ညောင်ပင်သာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စီးနဲ့ ဆယ်မိနစ်ကျော် လာရောက်ပစ်ခတ်ခဲ့တယ်လို့ အဲဒီတိုက်ပွဲမှာပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

"စခန်းသိမ်းပြီး နာရီဝက်အကြာမှာ စစ်ကောင်စီဘက်က ရဟတ်ယာဉ်နှစ်စီးနဲ့ လာပစ်တာ ကျွန်တော်တို့ဘက်က ကျဆုံးတာမရှိဘူး။ အသေးစား ထိခိုက်ဒဏ်ရာရသူ ကတော့ ခုနစ်ဦးလောက် ရှိပါတယ်။ သေနတ် (၁၃) လက်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်။ အသေးစိတ်ကိုတော့ တာဝန်ရှိသူတွေက ထုတ်ပြန်ပါလိမ့်မယ်"

ညောင်ပင်သာရဲစခန်းဟာ ရန်ကုန်-မန္တလေး လမ်းအဟောင်းပေါ်မှာရှိပြီး ရဲအင်အား နှစ်ဆယ်ကျော်နဲ့ အထိုင်ချထားတဲ့စခန်း ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ထွက်ပြေးလွတ်မြောက်သွားတဲ့ ရဲတပ်သားတွေရှိပေမယ့် အတိအကျ ကိုတော့ ပြောလို့မရသေးဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။

ဒီဇင်ဘာ ၁၃ ရက် ဒီနေ့မှာပဲ ပဲခူးတိုင်း၊ ဖြူးမြို့နယ်က ဘုရားငါးဆူကင်းစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ခုနစ်ဦး သေဆုံးခဲ့သလို သေနတ်ခြောက်လက်နဲ့ လက်နက်ခဲယမ်း တချို့ သိမ်းဆည်းရမိခဲ့တယ် လို့လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေးသလို စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။