အာဏာသိမ်းခေါင်းဆောင်နဲ့ ဘန်ကီမွန်းတွေ့ဆုံမှု NUG ကန့်ကွက်ရှုတ်ချ
2023.04.25

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တာကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
ဘန်ကီမွန်းနဲ့ စစ်ခေါင်းဆောင်တို့ ဧပြီ ၂၄ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့တာနဲ့ပတ်သက်လို့ NUG အစိုးရအစည်းအဝေးမှာ ယာယီသမ္မတက မူအားဖြင့် ကန့်ကွက်ရှုတ်ချတယ်လို့ ပြောလိုက်တာပါ။
“ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို လက်လွတ်စပယ် သတ်ဖြတ်ညှင်းဆဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာ ဇာတ်ခုံမှာ လူမိုက်ကို ပွဲထုတ်နေတယ်လို့ ယူဆပါတယ်။ ဒါဟာ ကျင့်ဝတ်အားဖြင့် မလျော်ကန်တဲ့ ကိစ္စလို့လည်း ယူဆပါတယ်။ နိုင်ငံတကာအစုအဖွဲ့ကိုယ်စားလှယ်တွေဟာ အကြမ်းဖက်စစ်ကောင်စီကို ယဉ်ကျေးအောင် ချော့မြူနိုင်ဖို့ ကြိုးစားနေဟန်ရှိပါတယ်”
အရင် စစ်အစိုးရအဆက်ဆက်မှာလည်း ဒီလိုပုံသေနည်းနဲ့ ချဉ်းကပ်ခဲ့လို့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင် သက်ဆိုးရှည်နေတာလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဝေဖန်လိုက်ပါတယ်။
မစ္စတာ ဘန်ကီမွန်းဟာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပြင် သမ္မတဟောင်း ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
သူဟာ ဦးသိန်းစိန်အစိုးရလက်ထက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ စစ်တပ် အပစ်ရပ်လက်မှတ်ရေးထိုးစဉ်က ကုလသမဂ္ဂ အသိသက်သေအဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး မြန်မာပြည်နိုင်ငံရေးမှာ ထဲထဲဝင်ဝင်ဆောင်ရွက်လေ့ရှိသူလည်းဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ နှစ်ရာနီးပါးကို သေဆုံးခဲ့ရတဲ့ဖြစ်ရပ်ကြောင့် စစ်တပ်ကို နိုင်ငံတကာက ဝေဖန်နေကြချိန်မှာ စစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုနဲ့ဘန်ကီမွန်းခရီးစဉ် ထွက်ပေါ်လာတာဖြစ်ပါတယ်။