လူ့အခွင့်အရေးကိစ္စ အလေးပေးဖို့ အစိုးရသစ်ကို ကုလသမဂ္ဂ တိုက်တွန်း
2016.08.29

မြန်မာနိုင်ငံရဲ့ အစိုးရသစ်အနေနဲ့ လူ့အခွင့်အရေးကို အပြည့်အဝလေးစားမှုနဲ့ ခွဲခြားဆက်ဆံမှုကို ကျော်လွှားပြီး၊ အားလုံးပါဝင်နိုင်ရေးကို မြှင့်တင်ရမှာဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောပါတယ်။
၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံ တက်ရောက်ဖို့ မြန်မာနိုင်ငံကို မလာရောက်ခင်၊ စင်္ကာပူနိုင်ငံကို ရောက်ရှိနေ စဉ်အတွင်း စင်္ကာပူ စီမံခန့်ခွဲရေး တက္ကသိုလ်မှာ ကျင်းပတဲ့ ပွဲတစ်ပွဲမှာမနေ့က ပြောကြားခဲ့တာပါ။
လူမျိုးရေး ဘာသာရေး တင်းမာမှုတွေ ပေါ်ပေါက်နေတဲ့ ရခိုင်ပြည်နယ်အရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေး အဖွဲ့ ဖွဲ့စည်းလိုက်တာဟာ အားတက်စရာ ကောင်းတဲ့ ခြေလှမ်း တစ်ရပ်ဖြစ်ကြောင်းလည်းပြောကြားပါတယ်။
မစ္စတာ ဘန်ကီမွန်း ဟာ အင်္ဂါနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး၊ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေ၊ အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
သြဂုတ်လ ၃၁ ရက်နေ့မှာ စတင်မယ့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံမှာ အဖွင့်အမှာစကား ပြောကြား မှာလည်း ဖြစ်ပါတယ်။
ဒီအတွင်း ၂၁ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံဟာ မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးအတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် က ပြောလိုက်ပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ က ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံမှာ လူ့အခွင့်အရေးကိစ္စတွေကို ဦးစားပေးဆွေးနွေးကြဖို့၊ ညီလာခံမှာ ပါဝင်သင့်သူ အားလုံး အပြည့်အဝပါဝင်စေဖို့ မနေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
၂၁ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံဟာ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးအတွက် အခွင့်အလမ်း တစ်ရပ် ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။
မြန်မာနိုင်ငံမှာ ဘာသာလူမျိုးခွဲခြားမှု၊ မြေယာအခွင့်အရေးနဲ့ သဘာဝသယံဇာတတွေကို ညီတူညီမျှ ခွဲဝေခံစား ခွင့်တွေဟာ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ပဋိပက္ခတွေရဲ့ အဓိက အခရာ ကိစ္စဖြစ်ကြောင်း၊ ဒီကိစ္စတွေကို ဦးစားပေး ဖြေရှင်းနိုင်မှာသာ မြန်မာပြည်သူတွေလိုလားတောင့်တနေကြတဲ့၊ ခိုင်မာ တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်မှာဖြစ်တယ်လို့လည်း ဖေါ်ပြထားပါတယ်။