စစ်ခေါင်းဆောင်နဲ့ ဘန်ကီမွန်းတွေ့ဆုံဆွေးနွေး
2023.04.24

နေပြည်တော်ကိုရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းဟာ ဒီကနေ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မြန်မာ့ရုပ်မြင်သံကြား ဒီကနေ့ ညပိုင်းသတင်းမှာ ထုတ်ပြန်ပါတယ်။
တွေ့ဆုံချိန်မှာ လက်ရှိမြန်မာနိုင်ငံရဲ့နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်ပြီး အပြန်အလှန် အမြင်ချင်းဖလှယ် အပြုသဘောဆောင် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ အသေးစိတ်ထုတ်ဖော်ပြောဆိုခဲ့တာ မရှိပါဘူး။
ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာဘန်ကီမွန်းတို့ တွေ့ဆုံခဲ့ရခြင်း ရှိ၊ မရှိကိုတော့ RFA က စုံစမ်းလို့ မရသေးပါဘူး။ ပြည်တွင်းသတင်းဌာနတချို့မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရခဲ့ဘူးလို့ ဖော်ပြပါတယ်။
ဘန်ကီမွန်းနဲ့ စစ်ခေါင်းဆောင်တို့ ဒီကနေ့ တွေ့ဆုံပွဲကို စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ ဩစတေးလျနိုင်ငံဆိုင်ရာ ကိုရီးယား သံအမတ်ကြီးဟောင်း ကင်ဘွန်ဆောင်းလည်း တက်ရောက်ခဲ့တယ်လို့ စစ်တပ်ဘက်က ထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းလည်းဖြစ်၊ The Elders ဆိုတဲ့ ကမ္ဘာ့ထင်ရှား ပုဂ္ဂိုလ်ကြီးများအဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ မစ္စတာဘန်ကီမွန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီလ ၂၃ ရက် မနေ့ညက နေပြည်တော်ကို ရောက်လာပြီး၊ ဒီကနေ့ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ဖိတ်ကြားချက်ကြောင့် အခုလိုရောက်လာတာလို့ စစ်တပ်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောဆိုကြပါတယ်။
မစ္စတာဘန်ကီမွန်းဟာ ၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ရှုတ်ချပြောဆိုနေသူတစ်ဦးလည်းဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီဟာ လက်နက်အစစ်တွေသုံးပြီး အရပ်သားပြည်သူတွေအပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ အာဏာသိမ်းပြီးနောက် နှစ်လအကြာမှာ ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲတစ်ခုမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
ကုလသမဂ္ဂ အာဆီယံနဲ့ ဒေသတွင်းနိုင်ငံတွေပူးပေါင်းပြီး မြန်မာ့အရေးဖြေရှင်းကြဖို့ တိုက်တွန်းထားသူလည်းဖြစ်ပါတယ်။ မစ္စတာဘန်ကီမွန်းရဲ့အခုခရီးစဉ်ကို The Elders အဖွဲ့က စီစဉ်တာဖြစ်ပါတယ်။
ခရီးစဉ်နဲ့ ပတ်သက်လို့ The Elders ဘက်က ထုတ်ပြန်တာမရှိသေးပါဘူး။ မြန်မာနိုင်ငံ မပျက်စီး၊ မကျဆုံးအောင် ကာကွယ်ဖို့အတွက် စစ်ခေါင်းဆောင်တွေကို ပြင်းထန်တဲ့ ဖိအားပေးဖို့ The Elders အဖွဲ့က နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။