မုံရွာမြို့ သက္ကယ်ကျင်းရွာခံ ငါးဆယ်ကျော် ဖမ်းဆီးခံထားရတာ နှစ်လနီးပါးရှိလာ
2024.05.06
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သက္ကယ်ကျင်းရွာမှာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတဲ့ ဒေသခံ ၇၉ ဦးထဲက ၅၁ ဦးဟာ နှစ်လနီးပါးကြာတဲ့အထိ ပြန်မလွတ်သေးဘူးလို့ အဲဒီရွာခံတွေက RFA ကို ပြောပါတယ်။
မတ်လ ၁၄ ရက်နေ့က အင်အား ခြောက်ဆယ်ခန့် ပါတဲ့စစ်ကြောင်း ရွာထဲစီးနင်းချိန် ဒေသခံ ၇၉ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက သက်ကြီးရွယ်အို ၂၈ ဦးကို ပြီးခဲ့တဲ့ရက်က ပြန်လွှတ်ပေးခဲ့ပေမယ့် လူငယ်နဲ့ လူလတ်ပိုင်းအရွယ် ၅၁ ဦးကို ဆက်ပြီးဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေကို မုံရွာမြို့ အမှတ် (၁) ရဲစခန်းက အချုပ်ကားနှစ်စီးပေါ်မှာပဲ ထားထားသလို မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မပေးဘူးလို့ သက္ကယ်ကျင်းရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
“အချုပ်ကားနှစ်စီးကို ပူးပြီးတော့ အဲဒီအထဲမှာထားတာ။ ဖမ်းသွားကတည်းက အခုချိန်အထိပဲ။ လက်ရှိ အဖမ်းခံရသူတွေအထဲမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ တရားစွဲခံရတယ်လို့တော့ သတင်းရပါတယ်။ ဘယ်သူတွေလဲ ဘယ်နှဦးလဲဆိုတာတော့ အတိအကျ မသိရသေးဘူး”
ဖမ်းဆီးခံရသူတွေထဲမှာ လသားအရွယ် ကလေးမိခင်နှစ်ဦးလည်း ပါဝင်နေပြီး အားလုံးကို ပြန်လွှတ်ပေးစေချင်တယ်လို့ သက္ကယ်ကျင်းရွာခံတွေက ပြောပါတယ်။
မုံရွာမြို့နဲ့ တစ်မိုင်ခွဲအကွာ သက္ကယ်ကျင်းရွာမှာ မတ်လ ၁၄ ရက် စီးနင်းခံရမှုအတွင်း နေအိမ် လေးရာနီးပါး မီးရှို့ခံခဲ့ရသလို ဒေသခံသုံးဦးလည်း သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဧပြီလ ၇ ရက် ဒီနေ့မနက်ပိုင်းမှာလည်း သက္ကယ်ကျင်းရွာအနီးကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ နောက်ထပ်တစ်ကြိမ် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ဒီကိစ္စအပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် မဖြေကြားနိုင်သေးတဲ့အကြောင်းသာ အကြောင်းပြန်ပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီလ ၆ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက ပြည်သူ နှစ်သောင်းကျော် (၂၀,၄၁၁ ဦး) ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။