စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့် အကျဥ်းထောင် တချို့မှာ နိုင်ငံရေး အကျဉ်းသားတစ်ဦးမှ မပါဝင်

RFA Burmese
2024.01.04
စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့် အကျဥ်းထောင် တချို့မှာ နိုင်ငံရေး အကျဉ်းသားတစ်ဦးမှ မပါဝင် မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်အား တွေ့ရစဉ်။
Myingyan Cele

စစ်ကောင်စီရဲ့လွတ်ငြိမ်းခွင့်နဲ့ ဇန်နဝါရီလ ၄ ရက်နေ့ ဒီနေ့မှာ အကျဥ်းသား ကိုးထောင် ကျော်လွှတ်ပေးခဲ့ပေမယ့် ရမည်းသင်း၊ မြင်းခြံ၊ သရက်၊ ဒိုက်ဦး၊ ပေါင်းတည်၊ ဟင်္သာတ၊ မအူပင်နဲ့ မော်လမြိုင် ထောင်တွေက ပြန်လွတ်လာသူတွေထဲမှာ နိုင်ငံရေး အကျဥ်းသား တစ်ဦးတစ်ယောက်မှ မပါလာဘူးလို့ အဲဒီအကျဥ်းထောင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဲဒီ အကျဥ်းထောင်၊ အချုပ်ထောင်တွေ တစ်ခုချင်းစီမှာ အကျဥ်းသား ငါးဆယ်ခန့်ကနေ သုံးရာကျော်အထိ အသီးသီး ပြန်လည် လွတ်မြောက်လာပေမယ့် နိုင်ငံရေး အကျဥ်းသား တစ်ဦးတစ်ယောက်မှ ပြန်လွတ်လာတာ မရှိဘူးလို့ ဆိုပါတယ်။

လွတ်လာသူ အများစုဟာ ပြစ်ဒဏ် တစ်နှစ်အောက် ကျန်နေသေးတဲ့ ရာဇဝတ် အကျဥ်းသား တွေဖြစ်ပြီး နိုင်ငံရေး အကျဥ်းသားတွေထဲမှာလည်း ပြစ်ဒဏ် တစ်နှစ်အောက် ကျန်နေသူတွေ ရှိပေမယ့် ပြန်မလွတ်လာဘူးလို့ ပေါင်းတည် အကျဥ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ပေါင်းတည်ထောင်မှာဆိုရင် ပုဒ်မ ၅၀၅ - က နဲ့ ပြစ်ဒဏ် တစ်နှစ်အောက် ကျန်တဲ့ သူတွေ လေးယောက်လောက် ရှိတယ်။ အဲဒါကျတော့ ပါမလာဘူး။ အခုက တခြားထောင်တွေမှလည်း နိုင်ငံရေးအကျဥ်းသားတွေ မပါကြဘူးဆိုတော့ လွှတ်ချင်တဲ့သူတွေကို ရွေးလွှတ်နေတဲ့သဘော ဖြစ်နေတယ်”

မန္တလေးတိုင်း ရမည်းသင်း အကျဥ်းထောင်မှာလည်း အကျဉ်သား ၂၅၀ ကျော်ကို ဒီနေ့ ပြန်လွှတ်ပေးခဲ့ပေမယ့် နိုင်ငံရေး အကျဥ်းသားတစ်ဦးမှ ပါမလာဘူးလို့ ရမည်းသင်း အကျဥ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မြင်းခြံ အကျဥ်းထောင်မှာလည်း အမျိုးသား ၄၉ ဦးနဲ့ အမျိုးသမီးတစ်ဦး ပြန်လည် လွတ်မြောက်လာပေမယ့် နိုင်ငံရေးအကျဥ်းသားတွေ မပါဝင်ကြောင်း မြင်းခြံ အကျဥ်းထောင်မှာ အကျဥ်းကျနေတဲ့ နိုင်ငံရေး အကျဥ်းသား မိသားစုဝင်တစ်ဦးက ပြောပါတယ်။

နိုင်ငံရေး အကျဥ်းသား တစ်ဦးတစ်ယောက်မှမပါတဲ့ အကျဥ်းထောင်တွေအပြင် နိုင်ငံရေး အကျဥ်းသား တစ်ဦးစ၊ နှစ်ဦးစသာ အနည်းပဲ ပြန်လွတ်တဲ့ အကျဥ်းထောင်တွေလည်း ရှိနေတယ်လို့ အကျဥ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

ပဲခူးတိုင်း ပြည်မြို့ အကျဥ်းထောင်မှတော့ အကျဥ်းသား တစ်ရာကျော် လွှတ်တဲ့အထဲမှာ နိုင်ငံရေး အကျဥ်းသား တစ်ဦးသာပါဝင်ပြီး ပုသိမ် အကျဥ်းထောင်မှတော့ နိုင်ငံရေး အကျဥ်းသား သုံးဦးပဲ ပြန်လည် လွတ်မြောက်လာတယ် ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ နေပြည်တော်က အကျဥ်းဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီကတော့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးကနေ ပြစ်ဒဏ်ချခံနေရတဲ့ အကျဥ်းသား၊ အကျဥ်းသူ ၉၆၅၂ ဦးကို ပြစ်ဒဏ်တွေ လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုကြောင်း ဒီနေ့မှာ ကြေညာခဲ့ပါတယ်။

နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၃ ရက်နေ့အထိ စာရင်းတွေအရ ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူ နှစ်သောင်းနီးပါး (၁၉,၉၃၀ ဦး) ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အဲဒီအထဲက ရှစ်ထောင်ကျော် (၈၄၅၇ဦး) ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။