မြန်မာနိုင်ငံကို နော်ဝေဘုရင် လာရောက် လည်ပတ်မည်
2014.11.30

မြန်မာနိုင်ငံကို မနက်ဖြန်ကစပြီး ဒီဇင်ဘာလ ၅ ရက်နေ့အထိ ပထမဆုံးအကြိမ် လာရောက်လည်ပတ် မယ့် နော်ဝေ ဘုရင် ဟယ်ရယ်လ် Harald နဲ့ ဘုရင်မ ဆိုန်ယာ Sonja တို့ဟာ ခရီးစဉ်အတွင်းမှာ နိုင်ငံတော် သမ္မတ ၊ ပြည်ထောင်စုလွှတ်တော်နာယကတို့ အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။
နော်ဝေဘုရင်နဲ့ ဘုရင်မတို့ရဲ့ အလည်ပတ်ခရီးစဉ် အကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်း အကြံပေး ပုဂ္ဂိုလ် ဦးလှမောင်ရွှေက ပြောပါတယ်။
"ခရီးစဉ်တစ်ခုလုံးကိုတော့ လိုအပ်တဲ့ဟာ ကိုတော့ နော်ဝေသံရုံးနဲ့ MPC ကဝန်ကြီး ဦးအောင်မင်းတို့ ညှိနှှိုင်းပြီးတော့ ကျနော် တို့ ဆောင်ရွက်ပေးနေတာရှိပါတယ်၊ အစိုးရဖက်ကလည်း နော်ဝေနဲ့ ရင်းနှီး တဲ့နိုင်ငံဖြစ်တဲ့အတွက် အစိုးရအဖွဲ့တစ်ဖွဲ့လုံးနဲ့ ဝိုင်းဝန်းကူညီ ဆောင်ရွက်နေတာရှိပါတယ်၊ ဘုရင်နဲ့ဘုရင်မရဲ့ ဘွဲ့နှင်းသဘင်ခန်းမမှာပြောမယ့် အခမ်းအနားမျိုးလည်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း တက်ရောက်ပေးမှာရှိတယ်၊ အဲ့ဒီမှာ သမ္မတနဲ့ နက်ဖြန်မှာတွေ့တဲ့အခါမှာလည်း ဝန်ကြီးဦးအောင်မင်းတို့ တက်ရောက်ပြီးတော့ လိုအပ်တာတွေဝိုင်းပြီးတော့ ကူညီတာမျိုး ဆွေးနွေးတာ မျိုးတော့ရှိပါမယ်"
နော်ဝေဘုရင်ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေအပေါ် နော်ဝေနိုင်ငံရဲ့ အားပေးထောက်ခံမှုကို ပိုမိုပေါ်လွင်စေဖို့ဖြစ်ပြီး နှစ်နိုင်ငံကြားဆက်ဆံရေးနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ဖြစ်တယ် လို့ နော်ဝေသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
နော်ဝေဘုရင်မရောက်ခင် နော်ဝေနိုင်ငံခြားရေးဝန်ကြီး Borge Brende ဟာ ဒီနေ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ မွန်ပြည်သစ်ပါတီ၊ ကရင်အမျိုးသား အစည်းအရုံးက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။