ရှမ်းမြောက်ဒေသမှာ အစိုးရတပ် အင်အားတိုးချဲ့
2016.02.28

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ မူဆယ်၊ ကွတ်ခိုင်နဲ့ ကွမ်လုံမြို့နယ် တွေဘက်မှာ အစိုးရတပ်က ဒီရက်ပိုင်းအတွင်း အင်အား တိုးချဲ့ချထားကြောင်း TNLA က ပြောပါတယ်။
အခုလို အစိုးရတပ်မတော်ဘက်က အင်အားတိုးချဲ့လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန် လာနိုင်တယ်လို့ တအာန်းလွတ်မြောက်ရေးတပ်မတော် TNLA က ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတာအိုက်ကျော် က ပြောပါတယ်။
"အခုထိတော့ RCSS တပ်က နဂိုနေတဲ့တိုင်းပဲရှိနေသေးတယ်၊ ပြန်လည်ဆုတ်သွားတာ တော့မရှိသေးဘူး၊ အစိုးရတပ်နဲ့ ပြီးခဲ့တဲ့ ၂ ရက်၊ ၃ ရက်တွင်း ကားအစီး ၂ဝဝ ၊ ၃ဝဝ ကျော် ဒီဘက်ကို ဆက်တက်လာတယ်၊ အင်အားကတော့ ခန့်မှန်း နှစ်ထောင်နဲ့ သုံးထောင်ကြားမှာရှိမယ်၊ တချို့ကတော့ ကွမ်လုံဘက်တက်သွား တယ်၊ တချို့ကတော့ ကျနော့်နယ်မြေမှာ ပြန်ပြီးဖြန့်ပြီးနေရာယူထားတာရှိတယ်"
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကစပြီး အစိုးရတပ်က စစ်ကားအစီး ၂၀၀ ဝန်းကျင် ရှမ်းပြည်မြောက်ပိုင်းကို ရောက်ရှိလာ ခဲ့ပါတယ်။
TNLA နဲ့ RCSS/SSA တို့ စစ်ရေးတင်းမာမှုတွေ ဖြစ်နေတဲ့ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ မူဆယ်နဲ့ ကွတ်ခိုင်မြို့တွေမှာ စစ်ကားအစီး ၁၀၀ လောက် ၊ ကိုးကန့်တပ်မတော် MNDAA တပ်တွေရှိရာ ကွမ်လုံမြို့နယ်မှာ စစ်ကား အစီး ၁၀၀ လောက် ရောက်ရှိ နေတယ်လို့ TNLA က ဗိုလ်မှူးတာအိုက်ကျော် က ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ကုန်းကြမ်းမြို့နယ်ထဲမှာ MNDAA ရဲ့ ခြေကုပ်စခန်းတွေ ရှိနေသေးတာကြောင့် အစိုးရ ဘက်က အင်အားတိုးချဲ့ချထားတာဖြစ်နိုင်တယ်လို့ ကိုးကန့်တိုင်းရင်းသားတစ်ဦးဖြစ်တဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင် က ပြောပါတယ်။
"အပေါ်မှာတော့ အနည်းအကျဉ်းတိုက်ပွဲတွေရှိနေကြတယ်၊ အဲ့ဒါကြောင့် ခွန်အိုင်ကျေးရွာအုပ်စုမှာ တစ်ခါတလေရှိနေရတယ်၊ ကုန်းကြမ်းမြို့နယ်ထဲမှာ ပါတာပေါ့"
ဒီနေ့ နမ့်ဆန်မြို့နယ်ထဲက တောင်သုံးဆယ်ရွာနဲ့ ကွယ်ဟယ်ကျေးရွာကြားမှာလည်း TNLAနဲ့ အစိုးရ တပ်မတော် တပ်မ ၇၇ တို့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC အဖွဲ့တွေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ နဲ့ ၂၃ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ RCSS /SSA နဲ့ တွေ့ဆုံစဉ် အစိုးရတပ်မတော်အနေနဲ့ ရှမ်း ပြည်မြောက်ပိုင်းမှာ လုံခြုံရေးယူဖို့ရှိတာကြောင့် RCSS တပ်တွေ ရှမ်းပြည်နယ်မြောက်ပိုင်းက ဆုတ်ခွာ ဖို့ UPWC အဖွဲ့ဝင် အငြိမ်းစား ဒု-ဗိုလ်ချုပ်ကြီးခင်ဇော်ဦးက တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။