မြန်မာနိုင်ငံမှ မြောက်ကိုရီးယား သံအမတ်ကို အမေရိကန် ဒဏ်ခတ်
2015.11.13
မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီးဖြစ်သူ Mr Kim Sok Chol ကို မြောက်ကိုရီယားနိုင်ငံရဲ့ စစ်လက်နက်ပစ္စည်းရောင်းဝယ်ရေးကိစ္စမှာ ကြားခံပွဲစားအဖြစ် ဆောင်ရွက်ခဲ့တဲ့အတွက် အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုစာရင်းမှာ ထည့်သွင်းလိုက်ကြောင်း သိရှိရပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မြောက်ကိုရီးယားနိုင်ငံက Komid အမည်ရှိတဲ့ စစ်လက်နက် ပစ္စည်းရောင်း ဝယ်ရေးကုမ္ပဏီကို နာမယ်ပျက်စာရင်းသွင်းပြီး စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်ထားခဲ့ပြီး ဖြစ်ပါတယ်။
အဲ့ဒီ Komid ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တစ်ဦးအဖြစ် ရန်ကုန်မြို့မှာရှိနေတဲ့ မြောက်ကိုရီးယား သံအမတ်ကြီး ဟာ အခကြေးငွေယူပြီး၊ ကုမ္ပဏီအရာရှိတွေကို မြန်မာနိုင်ငံက ကာကွယ်ရေးဌာနနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ နဲ့ တွေ့ဆုံဆွေးနွေးနိုင်အောင် စီစဉ်ပေးခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုပါတယ်။
အခုလို စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုစာရင်းမှာ ထည့်သွင်းခံထားရသူတွေကို အမေရိကန် အဖွဲ့အစည်းတွေ အနေနဲ့ ငွေရေးကြေးရေးကိစ္စတွေ မပြုလုပ်ဖို့ အစိုးရကပိတ်ဆို့ ဟန့်တားထားပါတယ်။