ပြစ်မှုကျူးလွန်တဲ့ Non-CDM ဝန်ထမ်းတွေကို TNLA အရေးယူမယ်လို့ ကြေညာ
2024.05.15

တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ကိုင်ခဲ့တဲ့ Non-CDM ဝန်ထမ်းတွေထဲက ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိသူတွေကို စစ်ဆေးအရေးယူသွားမယ်လို့ TNLA က မတ်လ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ မိုင်းငေါ့၊ နမ့်ခမ်းနဲ့ မိုင်းလုံတွေအပါအဝင် တအာင်းပြည်နယ်အတွင်း စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ Non-CDM ဝန်ထမ်းအားလုံးကို လက်ရှိအချိန်မှာ လုပ်ငန်းတာဝန်အားလုံးကနေ ရပ်ဆိုင်းလိုက်ပြီလို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
အဲဒီထဲက ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိသူတွေကို သက်ဆိုင်ရာက ဖမ်းဆီးအရေးယူတာ၊ တိုင်ကြားချက်အရ ဖမ်းဆီးပြီး အဆင့်ဆင့် စစ်ဆေးအရေးယူတာတွေနဲ့ အပြစ်ပေးအရေးယူတာတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။ ဘယ်လိုပြစ်မှုတွေလဲဆိုတာကိုတော့ ကြေညာချက်မှာ တိတိကျကျထည့်မဖော်ပြထားပါဘူး။
ဒါ့အပြင် အဲဒီနယ်မြေတွေမှာ ဆက်လက်နေထိုင်နေတဲ့ Non-CDM ဝန်ထမ်းတွေဟာ စစ်ကောင်စီဆီကနေ လစာ၊ ငွေကြေးတွေ ထုတ်ယူတာ၊ လုပ်ငန်းပူးပေါင်းဆောင်ရွက်တာ၊ လုပ်ငန်းအစီရင်ခံစာတွေပေးပို့တာ စတဲ့ပူးပေါင်းဆောင်ရွက်တာတွေ တွေ့ရင် အပြစ်ပေး အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ "၁ဝ၂၇ စစ်ဆင်ရေး" အတွင်း TNLA သိမ်းထားတဲ့မြို့တွေမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။