ကိုယ်စားလှယ်တချို့ ဘဝမေ့နေတယ်လို့ ဦးဝင်းထိန် ပြော


2017.09.23
winhtein-622 ရန်ကုန်မြို့ NLD ရုံးချုပ်မှာ စက်တင်ဘာလ ၂၃ ရက်နေ့က NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် ကို တွေ့ရစဉ်
Photo: Thiha Tun/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တချို့ဟာ ဘဝမေ့နေကြပြီး ကိုယ်စား လှယ်တွေရဲ့လုပ်ငန်းတာဝန် မကျေပွန်တာတွေကို တွေ့နေရတယ်လို့ NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားလိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဒီနေ့ ရန်ကုန်မြို့ NLD ရုံးချုပ်မှာ တွေ့ဆုံစဉ် NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောခဲ့တာဖြစ်ပါတယ်။

"ခုတစ်နှစ်ခွဲကာလအတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေဟာ  ကိုယ့်ဘဝကိုမေ့ကုန်ကြပြီ၊ တချို့ အားလုံးမဟုတ်ဘူး၊  သာမန်အဖွဲ့ချုပ်အဖွဲ့ဝင်ကနေပြီးတော့မှ ရွေးကောက်တင်မြှောက်ခြင်း  ခံလိုက်ရတဲ့ အခါမှာ တချို့ပုဂ္ဂိုလ်တွေဟာ ဘဝမေ့နေတယ်။ ကိုယ်ဘာကြောင့်  လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာလဲ ဆိုတာကိုလဲ မဆန်းစစ်တော့ဘူး။ နောက်တချက်က  တချို့လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်ကိုယ်စားလှယ် လုပ်ငန်းတာဝန်  ထမ်းဆောင်တဲ့နေရာမှာ တာဝန်မကျေကြဘူး"

တချို့လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကိုယ်ကျိုးအတွက် ရည်ရွယ်ပြီး လုပ်ဆောင်တဲ့ ကိစ္စတွေ ရှိလာတာကို တွေ့နေရပြီး သူ့အနေနဲ့ ဒီလိုပြောနိုင်တာကလည်း လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အရည်အချင်းနဲ့ ပတ်သက် ပြီး သုံးသပ်တဲ့ အဖွဲ့မှာပါဝင်တာကြောင့်လို့ ဦးဝင်းထိန်က ပြောပါတယ်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်တွေ၊ NLD ပါတီ အလုပ်အမှုဆောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အခုလို တွေ့ဆုံဆွေးနွေးတာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ဒီလို မကြာခဏတွေ့ဆုံမူဟာ အဖွဲ့ချုပ်တည်တံ့ရေး၊ NLD ပါတီဝင်တွေ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် အထောက်အပံ့ကောင်းတွေ ရမယ်လို့ ယုံကြည်ကြောင်း ဦးဝင်းထိန်က ပြောပါတယ်။

ဒါ့အပြင် ဦးဝင်းထိန်က လွှတ်တော်ကိုယ်စားလှယ်တွေကို NLD ပါတီက  ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ကြေညာ စာတမ်းကို ပြန်လည်ဖတ်ရှုဖို့  တိုက်တွန်းခဲ့ပြီး သက်ဆိုင်ရာမြို့နယ်တွေက မဲဆန္ဒရှင်တွေရဲ့  လိုအပ်ချက်တွေကို ဘယ်အတိုင်းအတာအထိ ဖြည့်ဆည်းပေးနိုင်သလဲဆိုတာ  ပြန်ဆန်းစစ်ဖို့ ပြောပါတယ်။

တွေ့ဆုံပွဲကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေအပါအဝင် လူဦးရေ ၁၆၀ ကျော် တက်ရောက် ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။