ရှမ်းပြည် စီမံဘဏ္ဍာဝန်ကြီး အဂတိမှု လေးခုနဲ့ တရားရင်ဆိုင်နေရ

ထောင်ဒဏ် ၃၈ နှစ် ချမှတ်ခံထားရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရရဲ့ ရှမ်းပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အမှုလေးခုနဲ့ပါ ထပ်မံတရားရင်ဆိုင်နေရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ညောင်ရွှေမြို့နယ် အင်းလေးဇုန်ဝင်ခွင့် တင်ဒါအောင်ထားတဲ့ ကုမ္ပဏီက ကျပ်သိန်းပေါင်း တစ်သောင်းကျော်ပေးသွင်းဖို့ ကျန်နေတဲ့ကိစ္စနဲ့ ကိုဗစ်ကာလအတွင်း ဒေသန္တရ ဖွံ့ဖြိုးရေး ကော်မတီမှာ ငွေကြေး ကွာခြားမှုတွေရှိတယ်လို့ စွပ်စွဲကာ နိုင်ငံတော်အတွက် ဘဏ္ဍာငွေ ဆုံးရှုံးမှုတွေမှာ တာဝန်ရှိတယ်ဆိုပြီး စစ်ကောင်စီရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားလိုလုပ်ပြီး တရားစွဲခံထားရတာပါ။
ပြီးခဲ့တဲ့နှစ် သြဂုတ်လကစတင်ပြီး ဦးစိုးညွန့်လွင်ဟာ တောင်လေးလုံး အကျဉ်းထောင် ထဲက တရားရုံးမှာ အပတ်စဉ် သောကြာနေ့တိုင်း ရုံးချိန်းတွေဆင့်ခေါ်ခံရရင်း ဇန်နဝါရီ ၂၁ ရက်မှာ ကျန်နေတဲ့ အဂတိအမှု လေးခုလုံးကို အပြီးသတ် လျှောက်လဲချက်တင်ရမှာလို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
ဦးစိုးညွန့်လွင်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာ ၃၀ ရက်က နိုင်ငံတော်ပုန်ကုန်မှု ပုဒ်မ ၁၂၂ အတွက် ထောင်ဒဏ်နှစ် ၂၀၊ ရာဇသတ်ကြီး ဥပေဒေ ပုဒ်မ ၁၂၄ (က) နဲ့ ၁၂၄ (ဃ) အတွက် တစ်မှုကို ထောင်ဒဏ် ၇ နှစ်နဲ့ ဒဏ်ငွေ တစ်သိန်းစီ၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-(က)၊ ၅၀၅-(ခ) စတဲ့ အမှုတွေနဲ့ ထောင်ဒဏ် ၂ နှစ်စီ စုစုပေါင်း ထောင်ဒဏ် ၃၈ နှစ်အထိ ချမှတ်ခံထား ရတာပါ။