စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်အသစ် ပြောဆိုချက် NLD ကန့်ကွက်

2021.02.26
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်အသစ် ပြောဆိုချက် NLD ကန့်ကွက် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံတွင် စစ်အာဏာရှင်ဆန့်ကျင်သူ ပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒပြနေစဥ်။
Photo: AFP

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ် ပျက်ပြယ်သွားပြီလို့ စစ်ကောင်စီကခန့်အပ်ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်အသစ်ဥက္ကဋ္ဌ ဦးသိန်းစိုးရဲ့ ပြောကြားချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။

ဦးသိန်းစိုးရဲ့ ပြောဆိုချက်ဟာ ရွေးကောက်ပွဲ ရလဒ်အသိအမှတ်ပြုဖို့ တနိုင်ငံလုံးမှာ ဆန္ဒပြ တောင်းဆိုနေသူတွေရဲ့ သဘောထားဆန္ဒကို လျစ်လျူရှု စော်ကားလိုက်ခြင်းဖြစ်တယ်လို့ NLD က ဖေဖော်ဝါရီ ၂၆ ရက် ဒီကနေ့ ညနေပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်ရဲ့ အာဏာသုံးရပ်ကို ချုပ်ကိုင်ထားတဲ့အတွက် အရင်ကရှိခဲ့တဲ့ လွှတ်တော်တွေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ပျက်ပြယ်သွားပြီလို့ ရွေးကောက်ပွဲကော်မရှင်သစ် ဥက္ကဋ္ဌ ဦးသိန်းစိုး က ဒီကနေ့ နေပြည်တော်အစည်းအဝေးမှာပြောခဲ့တာပါ။

NLD ဘက်ကတော့ စစ်တပ်ဟာ ကမ္ဘာ့နိုင်ငံတွေက အစိုးရလို့ တရားဝင်လက်ခံထားတာ မဟုတ်တဲ့ အာဏာသိမ်းစစ်အုပ်စုသာ ဖြစ်တာကြောင့် စစ်ကောင်စီက ဖွဲ့ထားတဲ့ကော်မရှင်ဟာ တရားမဝင်ဘူးလို့ ပြောပါတယ်။ စစ်အာဏာသိမ်းတဲ့လုပ်ရပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ကျော်လွန်တဲ့လုပ်ရပ်လို့လည်း NLD က ထပ်မံပြောဆိုပါတယ်။

ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ စစ်အာဏာသိမ်းကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံပွဲကို ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ မိတ်ဖက်ပါတီတွေအပါအဝင် ပါတီပေါင်း ၅၃ ပါတီ တက်ရောက်ခဲ့ပြီး NLD၊ SNLD တို့အပါအဝင် နိုင်ငံ‌‌ရေးပါတီ ၃၈ ပါတီမတက်ရောက်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပတဲ့ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က မဲဆန္ဒနယ် ၉၂၀ မှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့ပြီး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ် ၇၁ နေရာနဲ့ ဒုတိယ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က မဲဆန္ဒနယ် ၄၂ နေရာနဲ့ တတိယ၊ ရခိုင်အမျိုးသားပါတီက ၁၅ နေရာနဲ့ စတုတ္ထ၊ တအောင်း (ပလောင်) အမျိုးသား ပါတီက မဲဆန္ဒနယ် ၁၂ နေရာနဲ့ ပဉ္စမမြောက် မဲအများဆုံး အသီးသီး အနိုင်ရခဲ့ကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-02-26 20:57

We do not recognize military of UEC's chairman Soe Thein who is not appointed by the people.

Anonymous
2021-02-26 21:03

These parties are not represented for among of people. That is why we rejected their issue and statement.