NLD ပညာရေးကွန်ရက် မြန်မာနိုင်ငံတဝှမ်း ခရီးဆက်

NLD ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်ဟာ ဒီရက်အပိုင်းအတွင်းမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကချင် ပြည်နယ်တွေကို သွားရောက်ပြီး၊ ပညာရေး သင်ကြားမှု ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွေ ကျင်းပမယ်လို့ သိရပါတယ်။
နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ ကျင်းပနိုင်ဖို့အတွက် ဒေသခံလူထုတွေရဲ့ ပညာသင်ကြားရေး အခြေအနေ တွေကို သွားရောက်ဆွေးနွေးမှာဖြစ်တယ်လို့ အဲဒီကွန်ရက်က ညှိနှိုင်းဆောင်ရွက်ရေးမှူး ဒေါက်တာ သိန်းလွင်က RFAကို ပြောပါတယ်။
"ရည်ရွယ်ချက်ကပညာရေးမူဝါဒအတွက် ကျောင်းဆရာတွေ၊အငြိမ်းစားကျောင်းဆရာတွေ၊တိုင်းရင်းသား ခေါင်းဆောင်တွေရော၊ကျောင်းသားမိဘတွေရော၊ဘာသာရေးအဖွဲ့အစည်းတွေရောပေါ့။သူတို့ရဲ့ အယူအဆ ဘယ်လိုရှိတယ်ဆိုတာ ဆွေးနွေးပွဲလုပ်တာ"
ပြီးခဲ့တဲ့ ရက်တွေက ပဲခူးနဲ့ မန္တလေးတိုင်းက ဒေသခံတွေနဲ့ သွားရောက်ဆွေးနွေးခဲ့ပြီး၊တခြားပြည်နယ်နဲ့ တိုင်းတွေကိုလည်း ထပ်မံသွားရောက်ဖို့ရှိတယ်လို့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။
နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံကို လာမယ့် ဇွန်လအတွင်း ရန်ကုန်မြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အပြင် အဲဒီ ညီလာခံက ပညာရေးမူဝါဒမူကြမ်း ရေးဆွဲပြီး လွှတ်တော်ကို တင်သွင်းမှာ ဖြစ်ပါတယ်။