ဘီးလင်း NLD ပါတီ ဥက္ကဋ္ဌအပါအဝင် လေးဦး ပစ်ခတ်ဖမ်းဆီးခံရပြီး တစ်ဦး သေဆုံး
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပေါ်ခီးကျေးရွာအနီးမှာ ဇွန် ၂၂ ရက် မနေ့က မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်း အပါအဝင် လေးဦးကို စစ်ကောင်စီတပ်သားတွေက ပစ်ခတ် ဖမ်းဆီးရာမှာ တစ်ဦး သေဆုံးသွားတယ်လို့ ဘီးလင်းမြို့နယ် NLD ပါတီလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက RFA ကို ပြောပါတယ်။
လေးဦးမှာ ကျန်သုံးဦးကတော့ ဖမ်းဆီးခံလိုက်ရတယ်လို့ အဲဒီလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
“ပေါ်ခီးကျေးရွာနားမှာ သူတို့က လယ်ကတဲရွာဘက်ကို သွားတဲ့အချိန်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးတာနဲ့ဆုံတော့ သူတို့က လူလေးယောက်၊ အဲဒါကို ပစ်ခတ်ပြီး ဖမ်းဆီးတဲ့ အချိန်မှာ အခုလက်ရှိ ဦးကျော်မျိုးမင်းနဲ့ နောက်နှစ်ယောက်က အဖမ်းဆီးခံလိုက်ရတယ်။ ရွာသားတစ်ယောက်ကတော့ အပစ်ခံရပြီး ဆုံးသွားတယ်“
ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်း၊ ရပ်ကျေးပါတီဝင်တွေဖြစ်တဲ့ ဦးပန်းမြင့်၊ ဦးကိုကိုမောင်နဲ့ ရွာသားတစ်ဦးဟာ ဆိုင်ကယ်နှစ်စီးနဲ့အတူ လယ်ကတဲကျေးရွာဘက်ကို သွားရာမှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တိုးပြီး ပစ်ခတ်ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံထားရသူ သုံးဦးကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာကို မသိရသေး ဘူးလို့ သူက ဆက်ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေး မြန်းဖို့ ကြိုးစားနေပေမယ့် အကြောင်းမပြန်သေးပါဘူး။
ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်းဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၂) ကိုယ်စားလှယ်နေရာက ဝင်ရောက်ယှဉ် ပြိုင် အနိုင်ရထားသူဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်မှာတော့ အာဏာသိမ်းစစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) အပါအဝင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ ဖမ်းဝရမ်းထုတ်ထား တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။