ငသိုင်းချောင်းမြို့မှာ အမျိုးသားနှစ်ဦး လက်နက်တွေနဲ့ ဖမ်းဆီးခံရ
2023.10.23

ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်၊ သီရိရတနာလမ်းမှာရှိတဲ့ တည်းခိုခန်းတစ်ခုမှာ ဩဂုတ်လ ၁၉ ရက်နေ့က အမျိုးသားနှစ်ဦး လက်နက်တွေနဲ့အတူ ဖမ်းဆီးခံလိုက်ရ ကြောင်း ဒေသခံတစ်ဦးက RFA ကို အောက်တိုဘာ ၁၉ ရက် ဒီနေ့ ဆက်သွယ်ပြောဆိုလာပါတယ်။
ဖမ်းဆီးခံရသူတွေဟာ လှိုင်သာယာမြို့နယ်မှာ နေထိုင်တဲ့ အသက် ၃၇ နှစ်အရွယ် ကိုစိုးမင်းအောင်နဲ့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် ကိုငြိမ်းဇော်ထွေးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ သူတို့နှစ်ဦးကို သတင်းအတိအကျနဲ့ တည်းခိုခန်းထဲမှာဝင်ပြီး ဖမ်းဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ငသိုင်းချောင်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“လက်နက်တွေနဲ့ အဖမ်းခံရတာ။ စစ်ကောင်စီတပ်သားတွေ အများကြီးနဲ့ဖမ်းတာ။ သတင်းရလို့ အဖမ်းခံရတဲ့ ပုံစံပဲ။ အခုသူတို့ကို ရေကြည်မြို့မရဲစခန်းမှာ စစ်ဆေးနေတယ်။ နောက်ဆက်တွဲတော့ မသိရသေးဘူး”
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဖမ်းဆီးခံရသူနှစ်ဦးဟာ PDF တပ်ဖွဲ့ဝင်တွေဖြစ်ပြီး သူတို့နဲ့အတူ M-4 သေနတ် သုံးလက်၊ ပစ္စတိုသေနတ် တစ်လက်၊ ၉ မမ ကျည်အတောင့် သုံးဆယ်နဲ့ တခြား ဆက်စပ်ပစ္စည်းတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ဧရာဝတီတိုင်းအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဟုတ်၊ မဟုတ်ကိုတော့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
ဧရာဝတီတိုင်းထဲမှာ ၂၀၂၃ စက်တင်ဘာလကစလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့စခန်းတွေ စီးနင်းခံရတာအပြင် PDF လို့ စွပ်စွဲဖမ်းဆီးခံရတာတွေပါ ရှိနေပြီး စစ်ကောင်စီအနေနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ ဖွဲ့စည်းနေတာ တွေပါ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။