ဝက်လက်မြို့နယ် ငါးပန်ချောင်းရွာက နေအိမ်တစ်ရာကျော် မီးရှို့ခံရ
2023.06.28

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပန်ချောင်းရွာက နေအိမ်တစ်ရာကျော်ကို အင်အား ၇၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းက ဇွန်လ ၂၇ ရက်မနေ့မှာ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနက် ၉ နာရီခန့်မှာ ဝင်ရောက်မီးရှို့သွားတာဖြစ်ပြီး အိမ်ခြေသုံးရာဝန်းကျင်ရှိတဲ့ ငါးပန်ချောင်းရွာမှာ နေအိမ်ပေါင်း ၁၁၀ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီရွာမှာ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အထိုင်ချနေတယ်လို့ သတင်းပေးတဲ့ ဒလန်ရှိတာကြောင့် အခုလို မီးရှို့ခံရတာလို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ခမရ - ၁၂ ခေါ်မှာပေါ့။ ကျောက်မြောင်း စစ်တပ်ကနေပြီးတော့ ဆင်းလာတာ။ ခင်ဦးမြို့နယ် ပကဖတွေ ရှိနေတယ်ဆိုပြီး ဒလန်သတင်းပေးလို့ လာရှို့တာပါ”
အဲဒီစစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြား ငါးပန်ချောင်းရွာနားမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ငါးပန်ချောင်းရွာအနီးမှာရှိတဲ့ မြင်းလှည်းတောင်ပေါ်က ဘုန်းကြီးကျောင်းဆောင် သုံးခုကိုပါ မီးရှို့ပြီးနောက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ပြန်ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းပြန်ထွက်သွားတာကြောင့် ဒီနေ့မှာတော့ ဒေသခံအချို့ ရွာထဲပြန်ဝင်နေကြပြီလို့ ဆိုပါတယ်။
အခုကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးစောနိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှမီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ ငြင်းဆိုထားဖူးပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့တွေ မီးရှို့ဖျက်ဆီးလို့ စစ်ကိုင်းတိုင်းက နေအိမ် ၅၃,၈၁၆ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။