ဦးစခုန်တိန့်ယိန်းကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်း
2016.06.24

ကချင်ပြည်သူ့စစ် ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဦးစခုန်တိန့်ယိန်းဟာ ၂ဝ၁၅ ရွေးကောက်ပွဲကာလအတွင်း တရားမဲ့ပြုကျင့်တာကို စစ်ဆေးတွေ့တဲ့အတွက် ကချင်ပြည်နယ် အမှတ် ၅ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ်ကနေ ရုပ်သိမ်းခံလိုက်ပါတယ်။
နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ခုံရုံးက ဒီနေ့ ရုပ်သိမ်းလိုက်တာပါ။ ဦးစခုန်တိန့်ယိန်းနဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကြား ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကို တရားခွင် အမှတ် ၂ မှာ ဖြေရှင်းတဲ့အခါ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆၆ အရ ဦးစခုန်တိန့်ယိန်းဟာ တရားမဲ့ပြုကျင့်တာ ထင်ရှားတယ် လို့ ခုံရုံးကဆုံးဖြတ်လိုက်ပါတယ်။
ဒီအတွက် ဆန္ဒမဲ ဒုတိယအများဆုံးရရှိထားတဲ့ တသီးပုဂ္ဂလကိုယ်စားလှယ် ဦးယောနာဟာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာမယ်လို့ ဆိုပါတယ်။
ဦးစခုန်တိန့်ယိန်းကို တသီးပုဂ္ဂလကိုယ်စားလှယ် ဦးယောနာနဲ့ NLD က ဦးစံဝေခေါင်လွန်းတို့က တိုင်ကြားတာပါ ။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ ဦးစခုန်တိန့်ယိန်းက အနှောင့်အယှက်အတော်ပေးတာဟာ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးရဲ့ လုပ်ဆောင်ချက်နဲ့ မကိုက်ညီဘဲ မတရားပြုကျင့်မှု ဖြစ်လာတဲ့အတွက် တိုင်ကြားရတာလို့ ဦးယောနာက ပြောပါတယ်။
ကချင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် ၅ မှာ NLD ကိုယ်စားလှယ်လောင်းတွေကို မဲဆွယ်မစည်းရုံးဖို့ ဦးစခုန်တိန့်ယိန်းက ကြေညာချက်ထုတ်ပြန်တားမြစ်ပြီး သူခေါင်းဆောင်တဲ့ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDAK) ထိန်းချုပ်ထားတဲ့ ကချင်အထူးဒေသ ၁ နယ်မြေမှာ မဲဆွယ်စည်းရုံးနေတဲ့ NLD ကိုယ်စားလှယ်လောင်းနဲ့ ပါတီဝင်တွေကို ရိုက်နှက်ရုံမက ပစ္စည်းတွေကိုပါ ဖျက်ဆီးခဲ့ပါတယ်။
NDAK ဟာ ၂ဝဝ၉ ခုနှစ်တွင် အစိုးရစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့ ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဦးစခုန်တိန့်ယိန်းဟာ အမျိုးသားလွှတ်တေ်ာအမတ် ဖြစ်လာခဲ့ပါတယ်။