ကချင်ပြည်နယ် ဆော့လော်မှာ KIA နဲ့ PDF က ပြည်သူ့စစ်အဖွဲ့ကို ကြားဖြတ်တိုက်

2022.04.14
ကချင်ပြည်နယ် ဆော့လော်မှာ KIA နဲ့ PDF က ပြည်သူ့စစ်အဖွဲ့ကို ကြားဖြတ်တိုက် ဆော့လော်မြို့ မှာ ၂၀၂၂ ခုနှစ် ဧပြီ ၁၂ ရက်နေ့တွင် ပြည်သူ့စစ်အဖွဲ့ဆီမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို တွေ့ရစဥ်
Photo: Citizen Journalist

ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါကနေ ဆော့လော်မြို့ဘက်ကိုတက်လာတဲ့ ဦးဇခုန် တိန့်ယိန်း လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို KIA နဲ့ PDF အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ တာကြောင့် ပြည်သူ့စစ်အဖွဲ့ဘက်က သေဆုံးမှု တွေရှိသလို လက်နက်တွေလည်း သိမ်း ဆည်းရမိခဲ့တယ်လို့ KIA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ဧပြီ ၁၂ ရက်နေ့က ပြည်သူ့စစ် ၂၀ လောက်ပါတဲ့အဖွဲ့ကို KIA တပ်မဟာ (၇) တပ်ရင်း ၄၆ နဲ့ PDF အဖွဲ့ဝင်တွေ ဆော့လော်မြို့ အရှေ့တောင်ဘက် ဗစ်ရှိန့်ရွာမှာ တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ သူတို့ဆီကို တရားဝင် သတင်းအချက်အလက် ပေးလာတာမရှိသေးလို့ တိတိကျကျ မသိရသေးဘူးလို့ ပြော ပါတယ်။

ဆော့လော်ဒေသခံတစ်ဦးကတော့ တိုက်ပွဲဖြစ်တာမှန်ကန်ပြီး ဒဏ်ရာရတဲ့သူတွေလည်း များတယ်လို့ RFA ကို ပြောပါတယ်။

“ပြည်သူ့စစ်တွေက ပန်ဝါမှာ သင်တန်းတက်ပြီး ဆော့လော်ကို ပြန်လာတာ လမ်းမှာ တွေ့ပြီး တိုက်ပွဲဖြစ်တာ၊ သေတဲ့သူတွေရှိတယ်၊ ပြီးတော့ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ အခုက ဒဏ်ရာရတဲ့သူတွေက ဆော့လော်မှာပဲ ”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့စစ်ဌာနချုပ် ပန်ဝါမှာ ချီဖွေမြို့နယ်နဲ့ ဆော့လော် မြို့နယ်က ဒေသခံအချို့ကို ပြည်သူ့စစ်သင်တန်းဖွင့်ပြီး သင်ပေးနေတာ ဖြစ်ပါတယ်။

ဒီတိုက်ပွဲကြောင့် ပြည်သူစစ်အဖွဲ့ဝင် သုံးဦး သေဆုံးပြီး ခြောက်ဦး အဖမ်းခံရသလို လက်နက်၊ ခဲယမ်းတွေပါ အသိမ်းခံရတယ်လို့ ဒေသခံတွေကပြောပေမဲ့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အခုတိုက်ပွဲဟာ KIA တပ်မဟာ (၇) တပ်ရင်း ၄၆ နယ်မြေအတွင်း ၂၀၂၀ နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ခဲ့တဲ့ တိုက်ပွဲဖြစ်ပါတယ်။

ဦးဇခုန်တိန့်ယိန်းဟာ ၁၉၉၀ ပြည့်နှစ်မှာ New Democratic Army-Kachin (NDAK) ကို တည်ထောင်ခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်မှာ NDAK ကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲ ခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့သူ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။