ရွေးကောက်ပွဲဥပဒေ လိုက်နာမယ်လို့ ဦးဇခုန်တိန့်ယိန်း ကတိပြုပြောကြား
2015.09.29

ကချင်ပြည်နယ်အထူးဒေသ ၁ ထာဝရငြိမ်းချမ်းရေးအဖွဲ့နယ်မြေထဲမှာ နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးရေး မပြုလုပ်ဖို့ တားမြစ်ခဲ့တဲ့ ဦးဇခုန်တိန့်ယိန်းက ရွေးကောက်ပွဲဥပဒေအတိုင်း လိုက်နာပါမယ်လို့ ကော်မရှင်နဲ့ ဒီကနေ့ တွေ့ဆုံစဉ်မှာ ကတိပြု ပြောကြားခဲ့ပါတယ်။
ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေ နိုင်ငံရေးပါတီတွေနဲ့ ဦးဇခုန်တိန့်ယိန်းတို့ မြစ်ကြီးနားမြို့ ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ဒီနေ့ဆွေးနွေးကြတာဖြစ်ပါတယ်။ အဲဒီအစည်းအဝေးမှာ ဦးဇခုန်တိန့်ယိန်းက ရွေးကောက်ပွဲ ဥပဒေအတိုင်း လိုက်နာမှာဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ကွန်းက ပြောပါတယ်။
"စည်းရုံးရေးနဲ့ ပတ်သက်ပြီး ဥပဒေအတိုင်း ကျနော်တို့သွားမှာပါ၊ သူက ဥပဒေအတိုင်းလုပ်ပါလို့ပြောတယ်၊ ဥပဒေပါပြဌာန်းချက် ၁/၂ဝ၁၄ အတိုင်း လိုက်နာဆောင်ရွက်ပြီးတော့ ကျနော်တို့သွားဖို့ပဲ လိုတာပေ့ါ၊ ခွင့်ပြု မခွင့်ပြုတာမဟုတ်ဘူး၊ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ဖို့သူသဘောတူတယ် "
ဦးဇခုန်တိန့််ယိန်းက သူအုပ်ချုပ်တဲ့ ကချင်ပြည်နယ် အထူးဒေသ ၁ မှာ ဘယ်ပါတီမှ မဲမဆွယ်ရဘူးဆိုပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့က အကြောင်းကြားစာတွေ ပေးပို့ခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေက အဲဒါဟာ ရွေးကောက်ပွဲကော်မရှင်ဥပဒေကို ချိုးဖေါက်လိုက်တာဖြစ်တယ်လို့ ပြောကြပါတယ်။
ဒီကနေ့မှာတော့ ရွေးကောက်ပွဲကို အေးချမ်းတည်ငြိမ်အောင် ဆောင်ရွက်နိုင်ဖို့အတွက် ပြဿနာမပေါ်အောင် လုပ်ဆောင်မှာဖြစ်တယ်လို့ ကချင်အထူးဒေသ ၁ ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းက အစည်းအဝေးအပြီး မှာ ပြောကြားခဲ့ပါတယ်။
"ရွေးကောက်ပွဲဆိုတာက ပြည်သူတွေရဲ့ မဲဆန္ဒတွေကို ရွေးကောက်နိုင်တဲ့ ဒီမိုကရေစီအခွင့်အရေး ကို ဖော်ဆောင်တာဖြစ်တယ်လေ၊ အေးအေးချမ်းချမ်းနဲ့ ဖော်ဆောင်နိုင်ဖို့ ကျနော်တို့ဝိုင်းလုပ်ရမှာပေ့ါ၊ ပြဿနာ မပေါ်အောင်ပေါ့၊ ဒေသတည်ငြိမ်အေးချမ်းရေးဆိုတာက တချို့အချိန်မှာ စစ်ရေးနဲ့ဆိုင်တာပေါ့လေ"
ကချင်အထူးဒေသ ၁ နယ်မြေအတွင်း နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးဖို့ ခွင့်ပြုမှာလား မပြုဘူးလား ဆိုတာကိုတော့ ဦးဇခုန်တိန့်ယိန်းက အတိအကျ ဖြေကြားခဲ့ခြင်းမရှိပါဘူး။
ဒီနေ့ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ နိုင်ငံရေးပါတီတချို့ကတော့ ကချင်အထူးဒေသ ၁ နယ်မြေအတွင်း မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ပန်ဝါမြို့အခြေစိုက် ကချင်အထူးဒေသ ၁ ထာဝရငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းဟာ လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သလို လာမယ့်ရွေးကောက်ပွဲမှာလည်း ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန် စတဲ့မြို့နယ်သုံးခုအတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေအမှတ် ၅ မှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။