တိုက်ပွဲတွေရပ်ပြီး နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ကချင်အထူးဒေသ ၁ ခေါင်းဆောင် တိုက်တွန်း

RFA Burmese
2024.06.14
တိုက်ပွဲတွေရပ်ပြီး နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ကချင်အထူးဒေသ ၁ ခေါင်းဆောင် တိုက်တွန်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့က တွေ့ရစဉ်။
AFP

ကချင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ရပ်တန့်ဖို့နဲ့ ပြည်သူတွေကို အကာအကွယ်ပေးကြဖို့ ကချင်ပြည်နယ် အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်က ဇွန်လ ၁၄ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

တိုက်ပွဲတွေ ဆက်ဖြစ်နေရင် နှစ်ဘက်စလုံး နစ်နာဆုံးရှုံးမှုမဲ့အပြင် တိုင်းရင်းသားပြည်သူတွေ ပျက်စီးဖို့၊ တိုင်းပြည်နဲ့ လူမျိုးတွေ ထိခိုက်ဆုံးရှုံးအောင်လုပ်ဖို့နဲ့ တိုင်းပြည်ကို အမုန်းတရားဖြစ်နေတဲ့သူတွေအတွက် လမ်းခင်းပေးသလို ဖြစ်စေတယ်လို့လည်း ကချင်နယ်ခြားစောင့်တပ်ခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဦးဇခုန်တိန့်ယိန်း လက်မှတ်ရေးထိုးပြီး ကြေညာချက်ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အဓိက နိုင်ငံရေးအရ ဆွေးနွေးစေ့စပ် ဖြေရှင်းဖို့ လိုအပ်ပြီး ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင် ဖော်ဆောင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ငြိမ်းချမ်းရေးနယ်မြေဒေသဖြစ်တဲ့ ဆော့လော်၊ ချီဖွေ၊ ဝိုင်းမော်နဲ့ ဆဒုံး ဒေသတွေဟာ နှစ်ပေါင်းသုံးဆယ်ကျော် နိုင်ငံတော်အစိုးရနဲ့ ငြိမ်းချမ်းမှုရယူပြီး ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး တိုးတက်အောင် တည်ဆောက်နေတဲ့နေရာ ပြန်လည်ပျက်စီးမှာကို မလိုလားဘူးလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ပြည်သူ့စစ်တွေနဲ့ နယ်ခြားစောင့်တပ်တွေ အားကောင်းသလို နယ်စပ်ကုန်သွယ်ရေးမြို့လည်းဖြစ်တဲ့ ကချင်အထူးဒေသ ၁ နယ်မြေထဲက ကန်ပိုက်တီမြို့အနီးကို KIA ထိုးစစ်တွေ နီးကပ်လာချိန်မှာ အခုလိုကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဇွန်လ ၁၁ ရက်နေ့ကပဲ ဆဒုံးမြို့က စစ်ကောင်စီဌာနချုပ်တစ်ခုလုံးကို KIA က သိမ်းပိုက်ခဲ့ပြီး အဲဒီစခန်းသိမ်းတိုက်ပွဲတွေအတွင်း ပြည်သူ့စစ်အဖွဲ့တွေကလည်း သူတို့ အထိုင်ချတဲ့ စခန်းတွေကို စွန့်ခွာသွားကြပြီလို့ KIA ပြန်‌ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောထားပါတယ်။ ကချင်အထူးဒေသ ၁ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ကြေညာချက်နဲ့ပတ်သက်လို့ ဗိုလ်မှူးကြီးနော်ဘူကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။

ဒီနှစ်ဆန်းပိုင်းကစပြီး ကချင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်လာပြီး လွယ်ဂျယ်၊ ဆွမ်ပရာဘွမ်၊ ဆင်ဘို၊ ဒေါ့ဖုန်းယန်နဲ့ ဆဒုံးမြို့တွေ အပါအဝင် စစ်ကောင်စီတပ်စခန်းပေါင်း ၁၂၀ ကျော်ကို KIA က သိမ်းယူထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။