ကချင်ခေါင်းဆောင် အကျယ်ချုပ် သတင်း မမှန်ဟု NDA-K ငြင်းဆို
2011.06.17

kachinnews
NDA-K အဖွဲ့ ဥက္ကဌ ဦးဇခုန်တိန့်ယိန်းနဲ့ ဒု ဥက္ကဌ ဗိုလ်မှူးချုပ် ဝေါ့လော်ဟောင်းခေါင်ကို အကျယ်ချုပ် ချထားတယ်ဆိုတဲ့ သတင်းတွေ ပြည်ပ မီဒီယာတချို့က ပြောခဲ့ပေမဲ့ ဒီသတင်း မမှန်တဲ့အကြောင်း အမည်မဖော်လိုတဲ့ NDA-K ဗဟိုကော်မီတီဝင်တဦးက အာအက်အေကို ရှင်းပြ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ခွဲထွက် NDA-K ခေါင်းဆောင်တဦးရဲ့ အသိုင်းအဝိုင်း ကလဲ NDA-K ခေါင်းဆောင်တချို့အကျယ် ချုပ်ခံနေရတာ မဟုတ်ဘူးလို့ သိရကြောင်း အာအက်အေကို ပြောပါတယ်။
NDA-K ခေါင်းဆောင်တချို့ အကျယ်ချုပ်ခံနေရတယ်ဆိုတဲ့ သတင်းတွေ ထွက်တဲ့နေ့မှာဘဲ NDA-K ဒု ဥက္ကဌ ဗိုလ်မှူးချုပ် ဝေါ့လော်ဟောင်းခေါင် မြစ်ကြီးနားကနေ ပန်ဝါဌာနချုပ်ကို ပြန်တက်သွားတဲ့အကြောင်း မျက်မြင်သက်သေ တဦးကလည်း ပြောပြပါတယ်။
NDA-K အဖွဲ့ ဥက္ကဌ ဦးဇခုန်တိန့်ယိန်းဟာ ကချင် တသီးပုဂ္ဂလ အမတ် ဖြစ်ပါတယ်။ ဒါ့ပြင် အမျိုးသား လွှတ်တော် အစိုးရ အာမခံချက်များ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေး ကော်မီတီ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ လောလောဆည် ဒီအဖွဲ့ အစည်းအဝေး အတွက် ဦးဇခုန်တိန့်ယိန်းဟာ နေပြည်တော်ကို ရောက်နေတယ်လို့ စုံစမ်း သိရပါတယ်။
ဦးဇခုန်တိန့်ယိန်းဟာ ၂၀၁၀ ရွေးကောက်ပွဲကို ကချင် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၄) ကနေ တသီးပုဂ္ဂလ အမတ် အဖြစ် အရွေးခံခဲ့သလို ဦးဇခုန်တိန့်ယိန်းရဲ့ သားဖြစ်သူက ကချင်ပြည်နယ် ကြံ့ခိုင်ရေး ပါတီကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ NDA-K ဗဟို ကော်မီတီဝင် ဗိုလ်မှူးကြီး မုတ်ယင်ဒေါင်ဟောင်း၊ ဗိုလ်မှူးကြီး မန်ကျည်ဇောင်းခေါင်နဲ့ ဒု ဗိုလ်မှူးကြီး နဘုတ်ထောခေါင်တို့ ၃ ဦးကို တစည ပါတီကနေ ရွေးကောက်ပွဲဝင်တဲ့ အတွက် ဆိုပြီး NDA-K က ထုတ်ပယ်ခဲ့ပါတယ်။