ပန်ခမ်းဆွေးနွေးပွဲ အန်စီအေ စာချုပ်ကိုဝေဖန်


2017.02.23
nca-unsign-orgs-meeting620.JPG UWSP ဌာနချုပ် ပန်ခမ်းမှာ ဖေဖော်ဝါရီလ ၂၂ နေ့ကကျင်းပခဲ့တဲ့ NCA အပစ်ရပ်လက်မှတ်မရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေးကို တွေ့ရစဉ်
Photo: Nyi Rang (facebook)

၀ ဒေသ ပန်ခမ်း ခေါ် ပန်ဆန်းမှာ ပြုလုပ်နေတဲ့ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့တွေရဲ့ ၂ ရက်မြောက်နေ့ ဆွေးနွေးပွဲမှာ NCA ခေါ် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်အတိုင်းသွားမလား ဒါမှမဟုတ် တိုင်းရင်းသားအဖွဲ့တွေအားလုံး လက်ခံတဲ့ နည်းလမ်းအသစ်နဲ့ သွားကြမလားဆိုပြီး ဆွေးနွေးကြကြောင်း အမည် မဖေါ်လိုသူ တိုင်းရင်းသားအဖွဲ့က ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ NCA အပစ်ရပ်စာချုပ်မှာပါတဲ့ အားနည်းချက်တွေကို ပြုပြင်ပြောင်းလဲပြီး သွားမယ်ဆိုတဲ့ အဖွဲ့တွေနဲ့ NCA လမ်းကြောင်းအတိုင်းမဟုတ်ပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး သဘောတူတဲ့ လမ်းကြောင်းသစ်နဲ့ သွားမယ်ဆိုပြီး တင်ပြမူတွေရှိတဲ့အတွက် ဘုံသဘောတူညီချက် ရအောင် ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

မနက်ဖြန် ဆွေးနွေးပွဲ နောက်ဆုံးရက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဘုံသဘောတူညီချက်ကို ထုတ်ပြန်သွားမှာဖြစ်ပြီး အရင်က ပန်ခမ်းမှာပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲ နှစ်ခု ထက် ဒီတစ်ကြိမ်မှာ ဘုံသဘောတူညီချက်တွေပိုရလာပြီး ပိုမိုကောင်းမွန်လာတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တချို့က ပြောပါတယ်။

မနေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဥက္ကဌ ပေါက်ယူချန်းက ပင်လုံစိတ်ဓာတ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေကြားမှာ တူညီတဲ့ အဖြေတစ်ခု ရအောင်ဆွေးနွေးမယ်၊ တိုင်းရင်းသား အရေးကို ဆွေးနွေးအဖြေရှာတဲ့အခါ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ၊ဒီမိုကရေစီ၊ ဖက်ဒရယ်အရေး စတဲ့ ဝေါဟာရတွေကို ကိုယ်လိုသလို အဓိပ္ပါယ်ဖွင့်ဆိုနေမူတွေရှိတာကြောင့် ဒါကို တူညီတဲ့ သဘောထားတစ်ခုရယူကြဖို့ ပြောကြောင်း သတင်းမီဒီယာ တချို့မှာ ဖော်ပြထားပါတယ်။

NCA စာချုပ်နဲ့ ပတ်သက်ပြီး ဘုံသဘောတူချက်ရအောင် အဖြေရှာဖို့နဲ့ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို တန်းတူညီမျှတဲ့ ပုံစံဖြစ်ဖို့ညှိုနှိုင်းအဖြေရှာမယ် ဆိုတဲ့ အချက် ၄ ချက်ကို ၀ အဖွဲ့ခေါင်းဆောင် ပေါက်ယူချန်း က ပြောသွားတယ်လို့ သိရပါတယ်။

၀ နဲ့ မိုင်းလားအဖွဲ့တို့ ဦးဆောင်ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲကို လက်မှတ်မထိုးထားတဲ့ တိုင်းရင်းလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က ကိုယ်စားလှယ် ၃၅ ဦး နဲ့ ဖိတ်ကြားထားတဲ့ ကိုယ်စားလှယ် ၂ ဦးတက်ရောက်ကြတယ်လို့ မနေ့က ထုတ်ပြန်တဲ့  ပန်ခန်းဆွေးနွေးပွဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။