NCA လက်မှတ်မထိုးဖို့ ပန်ခမ်းညီလာခံ ဆုံးဖြတ်
2017.02.24

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကိုလက်မှတ်ထိုးဖို့ ငြင်းပယ်လိုက်ပြီး အစိုးရနဲ့ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးဖို့ UWSP "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ ခေါင်းဆောင် တဲ့ နိုင်ငံရေးဆွေးနွေးမှုကော်မတီ တစ်ရပ်ကိုဖွဲ့စည်းလိုက် တယ်လို့ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က ဒီနေ့ ပန်ခမ်းဆွေးနွေးပွဲ နောက်ဆုံးနေ့ မှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
NCA စာချုပ်မှာ လက်မှတ်ထိုးတဲ့ လမ်းကြောင်းကို မရွေးချယ်ဘဲ နိုင်ငံရေးလမ်းကြောင်းသစ်ရှာဖွေဖို့ အပါအဝင် အချက် ၉ချက်ကို ဒီနေ့ သဘောတူနိုင်ခဲ့တယ်လို့ TNLA တအာင်းပလောင်အဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာဖုန်းကျော် က ပြောပါတယ်။
"ကျနော်တို့ စုစုပေါင်း ဘုံသဘောတူညီချက် အချက် ကိုးချက်ရပါတယ်။ အဲဒီထဲမှာ တကယ်ထူးခြားတဲ့ အချက်တွေကတော့ NCA ကိုလက်မှတ်မထိုးဘဲနဲ့ လက်မခံဘဲနဲ့ ကျနော်တို့က နိုင်ငံရေးဆွေးနွေးမှု လမ်းကြောင်းအသစ်ကို အိမ်ရှင်ဖြစ်တဲ့ "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP က ဦးဆောင် ပြီးတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကော်မတီဖွဲ့ပြီး မြန်မာအစိုးရနဲ့ တွေ့ဆုံဆွေးနွေးသွားမယ် ဆိုတာကတော့ ဒါတကယ့်ကို ထူးခြားတဲ့ အချက်ဖြစ်တယ်လို့ ပြောလို့ရပါတယ်"
အဲဒီ "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ ခေါင်းဆောင်တဲ့ နိုင်ငံရေးဆွေးနွေးမှုကော်မတီက အစိုးရ၊ တပ်မတော်တို့နဲ့ NCA လမ်းကြောင်း အပြင်ကနေ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ဗိုလ်မှူးကြီး တာဖုန်း ကျော်က ပြောပါတယ်။
UWSP "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီဌာနချုပ် ပန်ခမ်းမှာ ပြုလုပ်နေတဲ့ NCA လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ရဲ့ သုံးရက်ကြာ အစည်းအဝေးအပြီး ဒီနေ့ နောက်ဆုံးနေ့မှာ အချက် ကိုးချက်ပါတဲ့ သဘောတူညီချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါ့အပြင် လာမယ့် မတ်လမှာ ကျင်းပမယ့် ဒုတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံကို တက်မယ်၊ မတက်ဖြစ်ဘူးဆိုတာကို သေချာ မပြောနိုင်သေးဘဲ ၀ အဖွဲ့ဦးဆောင်ပြီး အစိုးရနဲ့ တွေ့ဆုံဖို့ကိုသာ ဦးစွာကြိုးပမ်းမှာဖြစ်တယ်လို့ ပြောပါတယ်။
ဒီသုံးရက်ကြာဆွေးနွေးပွဲမှာ ဘုံရပ်တည်ချက်တွေရလာတာဟာ အစိုးရတပ်မတော်ရဲ့ ထိုးစစ်ဆင်မှုတွေ ပြင်း ထန်နေတဲ့ကြားက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုစည်းညီညွတ်မှုရှိတယ်ဆိုတာ ပြသနိုင်ခဲ့တာဖြစ်တယ် လို့ ဆိုပါတယ်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ ကြိုးစားသွားမှာဖြစ်ပြီး အစိုးရနဲ့တွေ့ဆုံတဲ့အခါမှာ ပြီးခဲ့တဲ့ ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှာ UWSP "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ က တင်ပြခဲ့တဲ့ အချက် ၁၅ ချက်ကို မူတည်ပြီး နိုင်ငံရေးမူဘောင်တွေ တန်းတူညီမျှဖြစ်ဖို့ ဆွေးနွေးသွားမယ်လို့ ဗိုလ်မှူးကြီး တာဖုန်းကျော် က ပြောပါတယ်။
၀ နဲ့ မိုင်းလားအဖွဲ့တို့ ဦးဆောင်ပြူလုပ်တဲ့ သုံးရက်ကြာဆွေးနွေးပွဲကို ကချင်လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ ကိုးကန့်အဖွဲ့၊ TNLA တအာင်းပလောင်အဖွဲ့ စတဲ့ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က ခေါင်းဆောင်တွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ကြပါတယ်။