အစိုးရနဲ့ တဖွဲ့ချင်း မဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ဆုံးဖြတ်
2017.04.19

ဝ,အထူးဒေသ-၂ ပန်ခမ်းမြို့မှာ ငါးရက်ကြာကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က ခေါင်းဆောင်တွေ ရဲ့ စတုတ္ထအကြိမ် မျက်နှာစုံညီ အစည်းအဝေးကနေ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမယ့် "နိုင်ငံရေးဆွေးနွေးရေးကော် မတီ" ကို "ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ" အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။
KIO/KIA ကချင်အဖွဲ့၊ AA ရခိုင်အဖွဲ့၊ MNDAA ကိုးကန့်အဖွဲ့၊ TNLA တအာန်းပလောင်အဖွဲ့၊ SSPP/SSA ၊ NDAA မိုင်းလားအဖွဲ့နဲ့ UWSA ဝအဖွဲ့တို့ တက်ရောက်ကြတဲ့ ဒီအစည်းအဝေးကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အထွေထွေမူဝါဒနဲ့ ရပ်တည်ချက်ကို အတည်ပြုပြီး အစိုးရနဲ့ဆွေးနွေးညှိနှိုင်းမယ့် ဘုံစာတမ်းအဖြစ် အတည်ပြုလိုက် တယ်လို့ အစည်းအဝေးအပြီး ဧပြီလ ၁၉ ရက်- ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
"ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ" အဖွဲ့ဝင် အဖွဲ့အစည်းတွေအနေနဲ့ အစိုးရနဲ့ဆွေးနွေးတဲ့ အခါမှာ တဖွဲ့ချင်းမဆွေးနွေးပဲ ကော်မတီအနေနဲ့သာ ဆွေးနွေးသွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထား ပါတယ်။