ပန်ခမ်းအစည်းအဝေး စတင်ကျင်းပ

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသက ပန်ဆန်းမြို့ကို တွေ့ရစဉ်
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသက ပန်ဆန်းမြို့ကို တွေ့ရစဉ် (Photo: Kan Thar/RFA)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ အစည်းအဝေးကို ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA ရဲ့ ပန်ခမ်းနယ်မြေမှာ ဒီကနေ့ စတင် ကျင်းပနေပါတယ်။

ပန်ခမ်း အစည်းအဝေးကို တက်ရောက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လိုချင်တဲ့ NCA နဲ့ လက်ရှိ NCA စာချုပ်နဲ့ နီးစပ်မှုရှိအောင် ဘယ်လိုလုပ်မလဲဆိုတာကို ဆွေးနွေးနေတာဖြစ်တယ်လို့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် NDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့် က ပြောပါတယ်။

"အဓိက ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စပါ။ အားလုံး အစိုးရနဲ့ ဝိုင်းဝန်းပြီးမှ၊ တပ်မတော်နဲ့ ဝိုင်းဝန်းပြီးမှ ငြိမ်းချမ်းရေး အကောင်အထည်ဖော်နိုင်အောင်။ အဲဒါပါ။ အရင်က ဟိုဘက်မှာ လုပ်ထားတဲ့ NCA နဲ့ အခု ဒီဘက်မှာ ရပ်တည်မယ့် အပစ်ရပ်စာချုပ်နဲ့ ဘယ်လိုနီးစပ်အောင်၊ ဘယ်လိုလုပ်မလဲဆိုတာ အဲဒီမှာ ကြိုးစားနေတာပါ။"

လက်ရှိကျင်းပနေတဲ့ ပန်ခမ်းဆွေးနွေးပွဲမှာ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA၊ ကချင် လွတ်မြောက်ရေး တပ်မတော် KIA၊ရှမ်းပြည် တိုးတက်ရေး ပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA ၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် NDAA၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတောာ် MNDAA ၊ တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ရခိုင် တပ်မတော် AA စတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ တက်ရောက်ဆွေးနွေးကြတယ် လို့ သိရပါတယ်။

ဆွေးနွေးပွဲကို ဒီကနေ့ နဲ့ မနက်ဖြန် နှစ်ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ပန်ခမ်းဒေသမှာပဲ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ထိပ်သီး အစည်းအဝေးကို ကျင်းပခဲ့ပြီး အဲဒီအစည်းအဝေးကနေ လက်ရှိ NCA စာချုပ် မှာ လက်မှတ်မထိုးဘဲ UWSA ဦးဆောင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ကော်မတီဖွဲ့ပြီး အစိုးရနဲ့ ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။