တိုင်းရင်းသား ၇ ဖွဲ့ရဲ့စာ အစိုးရ မရရှိသေး


2017.04.21
zawhtay-620.jpg နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကို တွေ့ရစဉ်
.

UWSP "ဝ" အဖွဲ့က ဦးဆောင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၇ ခုက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA လမ်းကြောင်းကမဟုတ်ဘဲ လမ်းကြောင်းသစ် ဖော်ဆောင်ပြီးသွားမယ်ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အစိုးရကို တရားဝင်ပေးပို့ထားတာ မရှိသေးတဲ့အတွက် သဘောထားမှတ်ချက်ပေးဖို့ စောနေသေး တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့က "ဝ"ဒေသ ပန်ခမ်းမြို့မှာပြုလုပ်တဲ့ ဆွေးနွေးပွဲက ထုတ်ပြန်ချက်မှာ ဘယ်အချက်တွေ ပါသလဲဆိုတာ တရားဝင် မသိရသေးသလို သူတို့ရဲ့ ရပ်တည်ချက် သဘောထားဟာ ဘာလဲဆိုတာကို မသိရသေး တဲ့အတွက် ပြောဖို့ စောသေးတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

"ဒီမူဝါဒ ရပ်တည်ချက်စာတမ်းဆိုတာ ဘာပါမှန်းမသိဘူး။ အစိုးရဆီပို့မယ်တဲ့ ကျနော်တို့ဆီတော့ ခုချိန်ထိမရသေးဘူး။ အဲစာတမ်းမှာ ဘာတွေပါလို့ ဘာတွေမှန်းလဲမသိဘူး၊ အဲဒီမှာပါတဲ့ ၇ဖွဲ့ဆိုတာ UNFC မှာပါတဲ့ အဖွဲ့တွေလည်းပါနေတယ်။ အဲတော့ UNFC က ဟိုတလောကပဲ NCA လမ်းကြောင်း အတိုင်း သွားမယ်ဆိုပြီးတော့ ချင်းမိုင်မှာ ဆုံးဖြတ်ထားတာ ကျနော်တို့ သိရတယ်။အဲဒီအဖွဲ့တွေရဲ့ သဘောထားလဲ ကျနော်တို့က မသိရဘူး၊ အဲဒီအဖွဲ့တွေရဲ့ မီဒီယာကိုပြောတာကော၊ တဆင့် ထုတ်ဖော်ပြောကြားတာရော ရှင်းရှင်းလင်းလင်း မသိရသေးဘူး၊ ဒီလိုရှင်းရှင်းလင်းလင်း မသိတဲ့ အနေအထားမှာ အစိုးရရဲ့ တရားဝင်ရပ်တည်ချက် သဘောထားဆိုတာကို ပြောဖို့စောတယ်။ ပြောဖို့ မှတ်ချက်ပေးဖို့ ခက်ပါတယ်ဆိုတာ ပြောထားတာဖြစ်ပါတယ်"

ဒါ့အပြင် အဲဒီ ၇ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာပါတဲ့ KIA ၊ SSPP တို့ဟာ UNFC အဖွဲ့ဝင်တွေလည်းဖြစ်ပြီး အစိုးရနဲ့ NCA လမ်းကြောင်းအတိုင်းဆက်သွားဖို့ အချက် ၈ ချက်ကို တင်ပြထားတဲ့အဖွဲ့တွေဖြစ်တာကြောင့် သူတို့ရဲ့ ရပ်တည်ချက် သဘောထားကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဦးဇော်ဌေးက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ငြိမ်းချမ်းရေးတံခါးကို ပိတ်မထားဘူး၊ ဖွင့်ထား ဆဲဖြစ်တယ်လို့ အစိုးရရဲ့ သဘောထားကို ထုတ်ပြန်ပြီးဖြစ်ကြောင်း ဦးဇော်ဌေး က ပြောပါတယ်။

အလားတူ UNFC အဖွဲ့က တင်ပြထားတဲ့ အချက် ၈ ချက် အပေါ်မှာ မူအားဖြင့် အစိုးရက သဘောတူပြီးဖြစ် သလို နိုင်ငံရေးဆွေးနွေးရေးမူဘောင်နဲ့ JMC လို့ ခေါ်တဲ့ တပ်ပိုင်းဆိုင်ရာနေရာချထားရေးကိစ္စတွေကို အသေးစိတ်ထပ်ဆွေးနွေးသွားဖို့ ငြိမ်းချမ်းရေးကော်မရှင်က ညှိနှိုင်းနေတယ်လို့ ပြောပါတယ်။

"ဝ" အထူးဒေသ ပန်ခမ်းမြို့မှာ ငါးရက်ကြာကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ရဲ့ အစည်းအဝေးမှာ "ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ" ကို ဖွဲ့စည်းခဲ့ပြီး အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့တစ်ဖွဲ့ချင်းစီ မဟုတ်ဘဲ UWSP "ဝ" ဦးဆောင်တဲ့ အဲဒီကော်မတီနဲ့သာ ဆွေးနွေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။