ဗိုလ်ကြီးဟောင်း နေမျိုးဇင် ထောင်ဒဏ် ၁၀ နှစ်ချခံရ
2011.08.26

Photo: pwvb.blogspot.com
ဒီကိစ္စနဲ့ပတ်သက်လို့ ဦးနေမျိုးဇင်ရဲ့ညီ ကိုခင်မောင်ထွေးက RFA ကို အခုလိုပြောပါတယ်။
“(၃၃) က ပုဒ်မ တခုတည်းနဲ့ ၁၀ နှစ်ချပါတယ်ခင်ဗျ။ ကျနော့် အစ်ကိုအတွက် ကျနော် စိတ်မကောင်း ဖြစ်ရပါတယ်။ အများအကျိုးအတွက် ဆောင်ရွက်နေတဲ့ ဒီလို လူတယောက် ဆုံးရှုံး သွားတဲ့ အတွက် မိသားစု အနေနဲ့ စိတ်မကောင်း ဖြစ်ရပါတယ်။ တိုင်းပြည် အတွက်လဲ လူကောင်း သူကောင်း တယောက် ဆုံးရှုံးတာလို့ ကျနော် ဒီလိုပဲ တွက်ပါတယ်။ ဆုံးရှုံးတယ် ဆိုတာလဲ ခေတ္တခဏပေါ့ ပြန်လွတ်လာရင် ပြန်လုပ်လို့ ရပါတယ်”
ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင် ဟာ BG သွေးကူညီရေး အဖွဲ့ကို ကူညီ ပံ့ပိုးနေရင်း ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းအဖြစ် အင်တာနက်က ဖေးဆိုင် ဖွင့်ထားတာပါ။ သူ့ကို မတ်လ (၂) ရက်နေ့က ဖမ်းလိုက်ပြီး တဲ့နောက် သူ့အိမ်မှာ ရှိတဲ့ ကိုယ်ပိုင်သုံး လက်ပ်တော့ ကွန်ပျူတာကို သိမ်းဆည်း သွားပါတယ်။
အဖမ်းခံရပြီး ထောင်ထဲမှာ ခါးရိုးထဲ အကြောညပ် သွားတဲ့အတွက် အောက်ပိုင်း မလှုပ်ရှား နိုင်တဲ့ အခြေအနေ ဖြစ်နေလို့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့က ကြည့်မြင်တိုင် အရိုး အထူးကု ဆေးရုံမှာ ပြသ ခွင့်ပြုခဲ့တဲ့ အကြောင်း RFA က တင်ပြခဲ့ပါတယ်။
ဒီ ဝေဒနာကြောင့် ခွဲစိပ်ကုသ ရမယ့် အခြေအနေမှာ ရှိတယ်လို့ ကိုခင်မောင်ထွေးက ပြောပါတယ်။
“ကျန်းမာရေး အခြေအနေက တော်တော် မကောင်းဘူး။ အစား အသောက်ကလည်း မကောင်းတော့ သွေးပေါင်တွေကျပြီး လူက လမ်းမလျှောက် နိုင်အောင် ဖြစ်နေပါတယ်။ ခါးက ခွဲစိပ်ကုသမှု ခံယူဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ နောက်တပတ် အင်္ဂါနေ့ကို ကြည်မြင့်တိုင် အရိုးအထူးကုမှာ သွားပြပြီးတော့ ကုသဖို့ အဖြေထုတ်မယ်လို့ ပြောပါတယ်”
ဦးနေမျိုးဇင်ကို ချမှတ်လိုက်တဲ့ ထောင်ဒဏ်နဲ့ ပတ်သက်ပြီး ရှေ့နေက တရား ဥပဒေအရ အယူခံဝင်ဖို့ ဆက်လက် ကြိုးပမ်း သွားမယ်လို့ သိရပါတယ်။