သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း အလုပ်နဲ့ ထောင် ၁၃ နှစ် ချမှတ်ခံရ

RFA Burmese
2023.05.26
သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း အလုပ်နဲ့ ထောင် ၁၃ နှစ် ချမှတ်ခံရ ရန်ကုန်တိုင်း၊ ကြည့်မြင့်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမပေါ်မှာ ဆန္ဒပြသူများအား ကားတိုက်ဖြိုခွင်းမှုမှာ ဖမ်းဆီးခံရတဲ့ MPA သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းအား တွေ့ရစဉ်။
Citizen Journalist

Myanmar Pressphoto Agency ရဲ့ သတင်းထောက်တစ်ဦးဖြစ်တဲ့ မမှူးရတနာခက်မို့မို့ထွန်းကို မေလ ၂၆ ရက် ညနေပိုင်းမှာ သင်္ဃန်းကျွန်းခရိုင်တရားရုံးမှာ အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက ရာဇသတ်ကြီး ပုဒ်မ - ၅၀၅(က) အတွက် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရပြီး အခုအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)အတွက် အလုပ်နဲ့ ထောင် ၁၀ နှစ် ထပ်ချခံရတာကြောင့် စုစုပေါင်းထောင်ဒဏ် ၁၃ နှစ်အထိ ရှိလာတာပါ။

အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က ရှေ့နေတစ်ဦးကတော့ မမှူးရတနာခက်မို့မို့ထွန်းရဲ့ ဆန္ဒအရ ဒီအမိန့်ကို အယူခံဝင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

"အလုပ်နဲ့ ထောင် ၁၀ နှစ် ချလိုက်တာပါ။ မမှူးရတနာရဲ့ ဆန္ဒအရ အယူခံတင်မှာ မဟုတ်ပါဘူး။ အယူခံမတင်ချင်ဘူးလို့ သူကပြောပါတယ်။ ထပ်ရင်ဆိုင်စရာ ပုဒ်မ မရှိတော့ပါဘူး။ သူ့ရဲ့ ကျန်းမာရေးကတော့ လူကောင်းတွေလို သွားနိုင်လာနိုင်တာမျိုး မရှိပါဘူး"

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ကြည့်မြင့်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမပေါ်မှာ ဆန္ဒပြနေတဲ့သူတွေကို စစ်ကောင်စီတပ်က ကားနဲ့တိုက်ပြီး ဖြိုခွင်းခဲ့ပါတယ်။ အဲဒီ ဖြိုခွင်းမှုမှာ မမှူးရတနာခက်မို့မို့ထွန်း အပါအဝင် သတင်းထောက် နှစ်ဦးနဲ့ အခြားလူငယ် ကိုးဦး၊ စုစုပေါင်း ၁၁ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

မမှူးရတနာခက်မို့မို့ထွန်းကတော့ ကားနဲ့ တိုက်ပြီးဖမ်းဆီးခံရတာကြောင့် ဒီနေ့အထိ ခန္ဓာကိုယ်ပုံမှန် မလှုပ်ရှားနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းချိန်ကစလို့ သတင်းထောက် ၁၅၆ ယောက် အဖမ်းခံခဲ့ရပြီး အဲဒီထဲက ၁၀၅ ယောက်ပြန်လွတ်ခဲ့ပေမယ့်၊ အယောက် ၅၀ ကျော်ကတော့ အကျဉ်းချခံနေရဆဲဖြစ်ပါတယ်။ ဓာတ်ပုံသတင်းထောက်တစ်ဦးဖြစ်သူ ကိုစိုးနိုင်ကတော့ စစ်ကြောရေးမှာ သေဆုံးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။