ကချင် သတင်းထောက်နှစ်ဦး ကေအိုင်အေ လက်ထဲ ဖမ်းဆီးခံထားရ

RFA Burmese
2024.10.03
ကချင် သတင်းထောက်နှစ်ဦး ကေအိုင်အေ လက်ထဲ ဖမ်းဆီးခံထားရ ကချင်လွတ်မြောက်ရေးတပ်တော် (KIA) မှ ဖမ်းဆီးထားသည့် ကိုတာလင်းမောင်နှင့် ကိုနောင်ရိုးတို့အား တွေ့ရစဉ်။
Facebook/ Tarlinnmg |naungyoe Photo

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က အလွတ်သတင်းသမားနှစ်ဦးကို စက်တင်ဘာ ၂၉ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်တော် (KIA) ဖမ်းဆီးပြီးနောက် ငါးရက်ကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ်မရဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ ဖားကန့်မြို့နယ်က ဒေသတွင်းသတင်းတွေကို ပြည်တွင်းမီဒီယာတွေမှာ သတင်းရေးသားနေကြတဲ့ ကိုတာလင်းမောင်နဲ့ ကိုနောင်ရိုး တို့ဖြစ်ပါတယ်။

စက်တင်ဘာ ၂၉ ရက်နေ့မှာ KIA က ကိုတာလင်းမောင်ကို အရင်ဖမ်းဆီးခဲ့ပြီးနောက် ကိုနောင်ရိုးကိုပါ ထပ်မံဖမ်းဆီးလိုက်တာလို့ အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂၆ ရက်နေ့က KIO အရာရှိ (Lion) ဆိုသူရဲ့ ခိုင်းစေချက်နဲ့ KIO တိုက်နယ်မှူးက တာဝန်ကျ PDF တွေကို အကြောင်းမကြားဘဲ ဆိုင်းတောင်နဲ့ ဖားကန့်ကြားမှာရှိတဲ့ Jade Garden (စားသောက်ဆိုင်၊ ရေကူးကန်) က ဝန်ထမ်းတွေကို ခိုးကယ်ထုတ်တဲ့ကိစ္စကို တာလင်းမောင်က လူမှုကွန်ရက်မှာ ရေးလိုက်လို့ ဖမ်းခံရတာ။ ကိုနောင်ရိုးက တာလင်းမောင်ကို ဖမ်းတော့စိတ်ပူလို့ လိုက်သွားတာလို့ သိရတယ်ဗျ အဲဒီမှာသူလည်း အဖမ်းခံရတယ်။ ကျွန်တော်တို့ အားလုံးစိတ်ပူနေကြတယ်”

သူတို့နှစ်ဦး ဖမ်းဆီးခံရတဲ့ အခြေအနေအသေးစိတ်နဲ့ ဘယ်မှာဖမ်းဆီးထားတယ် ဆိုတာကိုလဲ အတိအကျ မသိရသေးဘူးလို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က ကိုတာလင်းမောင်ရဲ့ နေအိမ်ကို KIA ဘက်က ဝင်ရောက်ဖမ်းဆီးခဲ့ပေမဲ့ မတွေ့တာကြောင့် စက်တင်ဘာ ၂၉ ရက်နေ့မှာ ဆိုင်းတောင်ရွာဘက်မှာ ဖမ်းဆီးလိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေနဲ့ နီးစပ်သူတစ်ဦးကလည်း ငါးရက်ကြာတဲ့အထိ အဆက်အသွယ်တွေ မရသေးဘူးလို့ RFA ကို ပြောပါတယ်။

“ကိုတာလင်းမောင်နဲ့က နေ့လယ်လောက်အထိ အတူတူရှိနေသေးတယ်။ ညနေပိုင်းကစပြီး အဆက်အသွယ် မရတော့ဘူး။ ညနေ ၃ နာရီကျော်လောက်က သူတင်ထားတဲ့ ပိုစ့်တွေလည်း ဖျက်သွားပြီ။ ကိုနောင်ရိုးကလည်း သတင်းသမားကို ဖမ်းရလားဆိုပြီး ပြောဆိုတာတွေရှိတော့ ဖမ်းသွားတယ် ပြောပါတယ်။ အခုထိတော့ ဘယ်ကိုဖမ်းသွားလဲ မသိသေးဘူး။ အောက်ခြေမှာပဲ ရှိသေးတယ်ထင်တယ်။ KIAတပ်မဟာ (၉) နဲ့ တပ်ရင်း (၆) ကို မေးလည်းမရောက်သေးဘူးပဲ ပြောတယ်”

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ သတင်းထောက်နှစ်ဦး ဖမ်းဆီးခံထားရတာကို သူ့အနေနဲ့ မသိထားဘူးလို့ RFA ကို ပြောပါတယ်။

ကိုနောင်ရိုးဟာ အာဏာသိမ်းခါစ ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ တရားစွဲဆိုခံရပြီးနောက် ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ ပြန်လည်လွတ်မြောက်လာတာပါ။

ကိုတာလင်းမောင်ဟာ အာဏာမသိမ်းခင်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှာ သတင်းထောက် လုပ်ကိုင်ခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် CDM ဝင်ထားသူ တစ်ဦးလို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ သတင်းထောက်တွေရဲ့ အချက်အလက်တွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ (Detained Journalists Information Myanmar) ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း သတင်းမီဒီယာ ၁၅ ခု ပိတ်သိမ်းခံရပြီး သတင်းထောက် ခုနစ်ဦး သေဆုံးခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ သတင်းသမား ၁၇၂ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ၅၂ ဦး အခုချိန်အထိ အကျဉ်းချခံထားရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။