စစ်ကိုင်းတိုင်းမှာ ကလေး လေးဦးအပါအဝင် ဒေသခံ ၂၀ ထောင်နှစ်ရှည် ချမှတ်ခံရ

RFA Burmese
2023.10.26
စစ်ကိုင်းတိုင်းမှာ ကလေး လေးဦးအပါအဝင် ဒေသခံ ၂၀ ထောင်နှစ်ရှည် ချမှတ်ခံရ စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်ရှေ့ကို တွေ့ရစဉ်။ (ယခင်ပုံဟောင်း)
Myanmar Military

အောက်တိုဘာလ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ စစ်ကိုင်းတိုင်း မြို့နယ်ငါးမြို့နယ်က အသက်မပြည့်သေးတဲ့ ကလေးငယ် လေးဦးအပါအဝင် အရပ်သားအယောက် နှစ်ဆယ် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အောက်တိုဘာလ ၂၃ ရက်နေ့မှာ မုံရွာမြို့နယ် အထူးတရားရုံးကနေ အရပ်သား ငါးဦးကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အားပေးထောက်ခံတယ်၊ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ဆက်စပ်နေတယ်ဆိုပြီး အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မ - ၅၂ (က)နဲ့ အလုပ်နဲ့ ထောင်ဒဏ် လေးနှစ် ချလိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေ့မှာပဲ အသက်မပြည့်သေးတဲ့ မောင်စိုင်းသီဟထွန်း၊ မောင်ပြည့်ဖြိုးအောင်၊ မောင်ဇင်ညီညီထွန်းတို့ သုံးဦးကိုလည်း လူမှုကွန်ရက်စာမျက်နှာမှာ စစ်ကောင်စီကို ဝေဖန်ရေးသားတယ်၊ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တယ်ဆိုပြီး ကလေးသူငယ် ဥပဒေပုဒ်မ - ၈၉ (င) နဲ့ မန္တလေး လူငယ်သင်တန်းကျောင်းမှာ အသက်ပြည့်တဲ့အထိ ထိန်းသိမ်းထားဖို့ အမိန့်ချလိုက်တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့မှာလည်း စစ်ကောင်စီရဲ့ မုံရွာမြို့နယ် အထူးတရားရုံးကနေ အမျိုးသားခြောက်ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မ - ၄၉ (က)၊ ၅၂ (က) နဲ့ ထောင် လေးနှစ်ကနေ ၁၁ နှစ်ထိ အသီးသီး ချမှတ်လိုက်ပါတယ်။

အဲဒီနေ့မှာပဲ ရေဦးခရိုင်တရားရုံးက တန့်ဆည်မြို့နယ်၊ နနွင်းတောရွာက အမျိုးသားနှစ်ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို အားပေးထောက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ - ၅၀ (ည)၊ ၅၀ (ဂ) တို့နဲ့ ထောင် ဆယ်နှစ်ကနေ ၁၅ နှစ်အထိ ချမှတ်လိုက်ပါတယ်။

အခု အမိန့်ချခံရသူတွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက ဖမ်းဆီးခံထားရသူတွေ ဖြစ်တယ်လို့ မုံရွာမြို့က နိုင်ငံရေးလှုပ်ရှားသူတွေက ပြောပါတယ်။

အခုထောင်ချခံရသူတွေဟာ တန့်ဆည်၊ ​ရေဦးနဲ့ မုံရွာမြို့နယ် ကျေးရွာတွေကဖြစ်ပြီး ဆင်းရဲနွမ်းပါးတာကြောင့် ရှေ့နေငှားပြီး ခုခံကာကွယ်နိုင်တဲ့ အနေအထား မရှိခဲ့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မုံရွာမြို့က နိုင်ငံရေးလှုပ်ရှားသူတစ်ဦးက RFA ကိုပြောပါတယ်။

"အချုပ်ထဲရောက်ပြီး အမှုစစ်နေချိန်မှာလည်း ရှေ့နေတွေဘာတွေ တော်တော်များများ မငှားကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမှုရင်ဆိုင်နေရချိန် အချုပ်ကျနေချိန်မှာ စားရေးသောက်ရေးကမှ တော်တော်လေး အကုန်အကျက များနေတာကိုး။ အဖမ်းခံရသူတွေကလည်း ရွာတွေဘက်က အများဆုံးဖြစ်နေတယ်။ မြို့ပေါ်ကလူတွေ ကတော့ ဆိုင်ကယ်စီးလို့ ဖမ်းရင်းနဲ့ ပါသွားကြတာ"

အောက်တိုဘာလ ၂၅ ရက် မနေ့တုန်းကလည်း ကလေးမြို့နယ် အထူးတရားရုံးကနေ အသက်မပြည့်သေးတဲ့ မိန်းကလေးတစ်ဦးကို ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တယ်ဆိုပြီး ကလေးသူငယ် ဥပဒေပုဒ်မ - ၈၉ (င)နဲ့ မန္တလေး လူငယ်သင်တန်းကျောင်းမှာ နှစ်နှစ်ထိန်းသိမ်းထားဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ ကလေးဒေသခံတွေက ပြောပါတယ်။

ဘုတလင်မြို့နယ် တရားရုံးကနေလည်း အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ဆူပှုလှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ - ၅၀၅ (က)နဲ့ ထောင် နှစ်နှစ် ချခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်တရားရုံးကလည်း အမျိုးသားတစ်ဦးကို ပုဒ်မ - ၅၀၅ (က)နဲ့ပဲ ထောင်နှစ်နှစ် ချမှတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုအမိန့်ချမှတ်မှုတွေနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။