ရန်ကုန်မြို့က ဗိုလ်ကြီးဟောင်း နေမျိုးဇင် နေအိမ် ချိပ်ပိတ်ခံရ

2023.05.01
ရန်ကုန်မြို့က ဗိုလ်ကြီးဟောင်း နေမျိုးဇင် နေအိမ် ချိပ်ပိတ်ခံရ ဗိုလ်ကြီးဟောင်း နေမျိုးဇင်အား တွေ့ရစဉ်။
Photo: RFA

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ ၁၉ ရပ်ကွက်မှာရှိတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ နှစ်ထပ်တိုက်နေအိမ်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၇ ရက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ လာရောက်ချိပ်ပိတ်သွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

အဲဒီလိုချိပ်ပိတ်ရာမှာ နေအိမ်အရှေ့ဘက်က မဝင်ဘဲ အိမ်နောက်ဖေးဘက်ကနေ သော့ဖျက်ပြီးပတ်ဝင်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အဲဒီအိမ်ကို လက်ရှိသော့အသစ်နဲ့ ပြန်ခတ်သွားပြီးနောက် အိမ်ထဲဝင်ချင်ပါက သူတို့ကို လာရောက်အကြောင်းကြားဖို့ အိမ်နီးနားပတ်ဝန်းကျင်ကို အသိပေးသွားခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။

“နောက်ဖေးကနေ ပတ်ဝင်တယ်လို့ သိရတယ်။ အိမ်က အပြင်မှာမှန်တံခါးကတစ်ထပ် ပိတ်ထားတာပေါ့။ ဝင်းထဲမှာက သော့နဲ့အိမ်တစ်လုံးလည်း သတ်သတ်ရှိတယ်။ သူတို့ (စစ်ကောင်စီအဖွဲ့) က ကိုနေမျိုးဇင် တိုက်အိမ်ကိုပဲ ဖျက်ပြီးဝင်သွားပြီးတော့ အထဲမှာ အကုန်ရိုက်ဖျက်ပြီး မွှေစရာရှိတာမွှေသွားတာပေါ့။ မွှေပြီး သူတို့သော့အသစ်နဲ့ ပြန်ခတ်သွားတယ်လို့ သိရတယ်။ နောက် ဒီအိမ်ထဲဝင်ချင်ရင် သူတို့ကို လာအကြောင်းကြားပြီးမှ ဝင်ပါလို့ ဘေးအိမ်တွေကို မှာသွားတယ်တဲ့”

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဟာ စစ်တပ်အာဏာမသိမ်းခင် ၂ဝ၁၉ ခုနှစ်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူဖြစ်ပြီး ၂ဝ၂၂ ခုနှစ်၊ သြဂုတ်လက ပြန်လွတ်လာခဲ့တာဖြစ်ပါတယ်။

ထောင်ကလွတ်လာပေမယ့် နေအိမ်ကနေ မြို့နယ်ကျော်သွားလာမှု ကန့်သတ်ခံခဲ့ရတဲ့အပြင် တပ်မတော် ခေါင်းဆောင်တွေကို ဝေဖန်ပြောဆိုတာ မလုပ်ပါဆိုတဲ့ ခံဝန်ကတိနဲ့ နေထိုင်ခဲ့ရပါတယ်။

အဲဒီနောက် ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဟာ ဧပြီလ ၁၂ ရက်နေ့မှာတော့ မိသားစုနဲ့အတူ နေအိမ်ကနေ ထွက်ခွာခဲ့ပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၅ ရက်ထုတ်ပြန်ချက်အရ အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း တစ်နိုင်ငံလုံးမှာ နေအိမ်ပေါင်း ၇၅၁ လုံး ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။