ဦးနေမျိုးဇင်နဲ့ နော်အုန်းလှ တို့ကို နောက်ထပ်ထောင်ဒဏ်တွေ ချမှတ်


2015.09.18
naymyozin-nawohnhla-620.JPG နိုင်ငံရေးအကျဉ်းသား ကိုနေမျိုးဇင်နဲ့ နော်အုန်းလှ အပါအဝင် တရုတ်သံရုံးရှေ့ဆန္ဒပြသူ ၅ ဦးကို အလုံမြို့နယ်တရားရုံးရှေ့ မှာ တွေ့ရစဉ်
Photo: RFA

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခမှာ သေနတ် ထိမှန် သေဆုံးသွားတဲ့ တောင်သူဒေါ်ခင်ဝင်းအတွက် အမှုမှန်ဖော်ထုတ်ပေးဖို့ ဆန္ဒပြခဲ့တာကြောင့် ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်နဲ့ နော်အုန်းလှတို့ကို တရားမဝင်စီတန်း လှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ကျောက်တံတား မြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၄ လစီ အမိန့်ချလိုက်ပါတယ်။

နော်အုန်းလှကိုတော့ ဒေါ်ခင်ဝင်းသေဆုံးမှု ဆန္ဒပြတာအပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ် စခန်း ဖြိုခွင်းခံရမှု ၂ နှစ်ပြည့်မှာ ဆန္ဒပြမှုနဲ့ နှစ်မှုပေါင်း ထောင်ဒဏ် ၈ လ ချလိုက်တယ်လို့ ကိုနေမျိုးဇင်က ပြော ပါတယ်။

"ကျနော်ရယ် နော်အုန်းလှရယ်ကို တစ်ယောက် ၄ လစီထပ်ချလိုက်ပါတယ်၊ နော်အုန်းလှကတော့ အရင် ဆန္ဒပြမှုအမှုတစ်ခုက ၄ လ ဆိုတော့ သူက ၈ လပေါ့ ဒီနေ့ကျတာ၊ ကျနော်တစ်ယောက်တည်းကတော့ ၄ လ၊ အဲဒီတော့ ကျနော်တို့ သီးခြားဖြစ်တဲ့အတွက်ကြောင့်မို့လို့ ယခင် ၄ နှစ်နဲ့ ၈ လရယ် အခုထပ်ပေါင်းတဲ့ ၄ လရယ်ဆိုတော့ ကျနော်က ၅ နှစ်ဖြစ်သွားပါပြီ"

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်ပံတောင်းတောင် စီမံကိန်းအနီးမှာ ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းတွေ၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတောင်သူတွေအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာမှာ တောင်သူဒေါ်ခင်ဝင်း သေနတ် ထိမှန်ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

အဲဒီအမှုကို စုံစမ်းဖော်ထုတ်ပေးဖို့ ကိုနေမျိုးဇင်အပါအဝင် လူဦးရေ ၁ဝဝ လောက်က ရန်ကုန်မြို့တော်ခန်းမရှေ့ ကနေ တရုတ်သံရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

အဲ့ဒီဆန္ဒပြမှုကြောင့် ဦးနေမျိုးဇင်နဲ့ နော်အုန်းလှတို့ကို ဒဂုံ၊ အလုံ၊ လသာ၊ ကျောက်တံတား စတဲ့မြို့နယ်တွေက ပုဒ်မ ၁၈ နဲ့ တရားစွဲခဲ့ကာ အသီးသီး ပြစ်ဒဏ်ချမှတ်ပြီးသွားပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီအမှုနဲ့ပဲ ဦးနေမျိုးဇင်ကို ပန်းဘဲတန်းနဲ့ လမ်းမတော်တရားရုံးတွေက ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးကို လက်ရှိချမှတ်ထားတဲ့ ပြစ်ဒဏ်တွေအရ ကိုနေမျိုးဇင်ဟာ ထောင်ဒဏ် ၅ နှစ်ကျခံရ မှာဖြစ်ပြီး နော်အုန်းလှကတော့ ထောင်ဒဏ် ၆ နှစ်နဲ့ ၄ လကျခံရမှာဖြစ်ပါတယ်။

ဒါ့အပြင် မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းကလည်း ဦးနေမျိုးဇင်၊ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးတို့ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ပေးဖို့ ဆန္ဒပြမှုကြောင့် ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားကြောင်း ဦးနေမျိုးဇင်ထံ အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။