တရုတ်ကြေးနီစီမံကိန်းအနီးက ဒေသခံလေးထောင်နီးပါး ထွက်ပြေးရ

RFA Burmese
2022.12.12
တရုတ်ကြေးနီစီမံကိန်းအနီးက ဒေသခံလေးထောင်နီးပါး ထွက်ပြေးရ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးသောကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသည့် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှ ဒေသခံများကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။
၅ / Fundraising Team

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်းတောင် တရုတ်ကြေးနီစီမံကိန်း အနီးက ရွာတွေကို ဒီဇင်ဘာလ ၁၂ ရက်၊ ဒီမနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက ဝင်ရောက် စီးနင်းခဲ့လို့ အရပ်သား လေးထောင်နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းတွင်းတံတားထိပ်နဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြားက ရွာတွေဖြစ်တဲ့ အောင်မိုး၊ ကံကုန်း၊ ဝုဏ်တောနဲ့ ဒုံးတောရွာတွေက အရပ်သားတွေ ထွက်ပြေးနေရတာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ရွာတွေက ပုသိမ် - မုံရွာ ကားလမ်းမဘေးမှာရှိတာ။ ဒီကနေ့ မနက်လေးနာရီခွဲလောက် မှာ ကြေးနီစီမံကိန်းထဲကို စစ်ကားသုံးစီး ဆင်းလာတယ်။ မနက်ခြောက်နာရီလောက်မှာ နောက်ထပ် စစ်ကားနှစ်စီး ဝင်လာတယ်။ လက်ပံတောင်းတောင်ကိုသွားဖို့ဆိုရင် အဲဒီရွာတွေကို ဖြတ်ရတော့ စစ်ကြောင်းကဝင်လာတာ။ ရွာတွေကိုမီးရှို့တာတော့ မရှိသေးဘူး။ ဒေသခံတွေကတော့ စစ်ကြောင်နဲ့ဝေးရာ ပြေးကြရတာ"

စစ်ကောင်စီတပ်တွေက ရွာထဲကို သေနတ်ပစ်ဖောက်ပြီး ဝင်ရောက်လာတာလို့ သူက ပြောပါတယ်။

ကြေးနီစီမံကိန်းအနီး ရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းတာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်အာဏာသိမ်းပြီးနောက် ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲ ၁၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဒီဇင်ဘာလ ၃ ရက် ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၆,၅၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။