တရုတ်ကြေးနီးစီမံကိန်း ဂိတ်ကင်းစခန်း တိုက်ခိုက်ခံရ

2023.05.28
တရုတ်ကြေးနီးစီမံကိန်း ဂိတ်ကင်းစခန်း တိုက်ခိုက်ခံရ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်းတောင် တရုတ်ကြေးနီစီမံကိန်း အနီးတစ်နေရာကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက တရုတ်ကြေးနီစီမံကိန်းရဲ့ ဂိတ်ကင်းစခန်း တစ်ခုကို မေလ ၂၅ ရက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တယ်လို့ ဆားလင်းကြီးဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ ယင်းမာပင်ခရိုင်အမှတ် (၂၈) တပ်ရင်း၊ ဓားမဆိုင်းတပ်မတော် D.M.S.A တပ်ခွဲ (၂)နဲ့ National Revolution Army တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဓားမဆိုင်းတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်စွမ်းသူမောင်က RFA ကိုပြောပါတယ်။

"တရုတ်စီမံကိန်းတွေဟာ စစ်ကောင်စီထောက်တိုင်ပါပဲ။ အဲဒီစီမံကိန်းဧရိယာထဲကို စစ်ကြောင်းလာရင် ဝင်သွားတယ်။ တစ်ခါ အဲဒီအထဲကထွက်လာပြီး ရွာတွေကို မီးရှို့တယ်။ ကားတွေကို စစ်ဆေးတယ်။ စစ်ကောင်စီတပ်နဲ့ ပတ်သက်လာရင်တော့ ကျွန်တော်တို့ ပြတ်ပြတ်သားသားဆောင်ရွက်မှာပါ"

တရုတ်ကြေးနီစီမံကိန်း ဂိတ်ကင်းစခန်းတိုက်ခိုက်မှုမှာ ရဲတပ်သားသုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဓားမဆိုင်းတပ်ဖွဲ့ခေါင်းဆောင်ကပြောပေမယ့် RFA အနေနဲ့ ဒီအရေအတွက်ကို သီးခြားအတည်မပြုနိုင်ပါဘူး။

တရုတ်ကြေးနီစီမံကိန်းရှိရာ ဆားလင်းကြီးမြို့နယ်ထဲမှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုတွေလည်း အခုမေလထဲမှာ ဆက်တိုက်ဖြစ်လာနေတာပါ။

ဆန္ဒပြဦးဆောင်သူတွေကတော့ တရုတ်အစိုးရဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒ သဘောထားကို လျစ်လျူရှုထားပြီး စစ်ကောင်စီနဲ့ ပူးပေါင်းနေတာကြောင့်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ထားတာ မရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ လေ့လာရေးအင်စတီကျု SIP-Myanmar ကတော့ တရုတ်ကြေးနီစီမံကိန်းဒေသမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းနေပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ စီစဉ်ထားတဲ့ မြို့နယ်ပေါင်း ၄၂ ခုမှာ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၅ ရက်အထိ တိုက်ပွဲပေါင်း (၇၇) ကြိမ်ထက်မနည်း ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။